Wednesday, May 14, 2014

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည်ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ကတိပြု

ကေအိုင်အေက ဖမ်းဆီးခြင်း ခံထားရသူများကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ မနောကွင်းရှေ့တွင် လာရောက် ဆန္ဒပြသူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံးမှ သိရှိရသည်။

အကြောင်းအမျိုးမျိုးဖြင့် ကေအိုင်အို အဖွဲ့အစည်းသို့ ရောက်ရှိနေသူ များကို ပြန်လွှတ်ပေးရန်အတွက် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး ၂၀ ကျော်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြသူများကို ဆွေးနွေးပွဲခန်းထဲမှ ထွက်လာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်က ကေအိုင်အို နည်းပညာရုံးတွင်းသို့ ဖိတ်ခေါ်ကာ တစ်ဦးချင်းစီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံး
တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ကေအိုင်အို အဖွဲ့အစည်းတွင်းသို့ ရောက်ရှိနေသူများတွင် ကေအိုင်အေ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင် ကျနေသူများ၊ ရာဇဝတ်မှု ကျူးလွန်၍ ကေအိုင်အို၏ ဖမ်းဆီးခြင်းခံရသူများ၊ ကေအိုင်အေ တပ်ဖွဲ့ဝင်များအဖြစ် စစ်သား စုဆောင်း ခြင်း ခံရသူများ စသည်ဖြင့် ပါဝင်ပြီး အချို့သူများမှာ ကေအိုင်အေတပ်ဖွဲ့ အတွင်း၌ အရာရှိအဆင့် ရရှိထားသူများ ပါဝင်နေပြီ ဖြစ်၍ အားလုံးကို ပြန်လည် စိစစ်ကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က The Voice သို့ အတည်ပြု ပြောကြားသည်။

“တချို့ကတော့ အခုမှစုဆောင်းရေးထဲ ပါသွားတာလဲပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ခွဲခြားပြီး လွှတ်ပေးသင့်တဲ့သူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆိုပြီးမှ ကတိပေးထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

မြစ်ကြီးနားမြို့နယ်၌ လွန်ခဲ့သော ရက်များအတွင်းက အစိုးရဝန်ထမ်း နှစ်ဦးနှင့် အရပ်သားငါးဦးကို ကေအိုင်အေက ဖမ်းဆီးခဲ့ရာ ယင်းကိစ္စသည် ကေအိုင်အို ဗဟိုမှ ညွန်ကြားချက် မဟုတ်ကြောင်း၊ ကေအိုင်အိုဗဟိုက အစိုးရ၏ အုပ်ချုပ်ရေး စည်းအတွင်းသို့ ဝင်ရောက်ကာ ပြဿနာ ဖြစ်နိုင်သော အပြုအမူများ မပြုလုပ်ရန်အတွက် ညွန်ကြားထားပြီး ဖြစ်၍ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သူ ကေအိုင်အေ တပ်ရင်း (၄) မှ အရာရှိ များကိုလည်း အရေးယူထားပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဖြည့်စွက် ပြောကြားသည်။

လက်ရှိ ကေအိုင်အေ အဖွဲ့အစည်းအနေနှင့် လူသစ်စုဆောင်းရာတွင် ဌာနေတိုင်းရင်းသားများသည် ဌာနေ၏ ကောင်းကျိုးကို ဆောင်ရွက်ရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်ဖြင့် စုဆောင်းကြောင်းနှင့် ယခုနောက်ပိုင်းတွင် လူ့အခွင့်အရေး ရှုထောင့်အရ သေချာစိစစ်လျက်ရှိပြီး ငြိမ်းချမ်းသော ကာလသို့ ရောက်ရှိလျှင် ယင်းကဲ့သို့သော လုပ်ဆောင်ချက်များကို ကျော်လွန်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း ဒုတိယစစ်ဦးစီးချုပ်က ထပ်မံပြောကြားသည်။

ကေအိုင်အေ အဆင့်မြင့်အရာရှိ တစ်ဦးက ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်သူများကို ခေါ်ယူတွေ့ဆုံကာ ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးမည်ဟု ကတိပြုသောကြောင့် ကျေနပ်ဝမ်းသာမိကြောင်း လွန်ခဲ့သော နှစ်အတွင်းက သားဖြစ်သူ ဖမ်းဆီးခံရသဖြင့် လာရောက် ဆန္ဒဖော်ထုတ်သူ အင်းတော်ကျေးရွာမှ ဦးကျော်ဝင်းက ဖွင့်ဟပြောကြားသည်။

မြစ်ကြီးနားမြို့နယ် အတွင်း၌ လွန်ခဲ့သောရက်များ အတွင်းက ကေအိုင်အေ တပ်ဖွဲ့ဝင်များက လူသစ်စုဆောင်ခြင်း များကို ပြုလုပ်ခဲ့ပြီး ယင်းတို့အထဲမှ အချို့တစ်ဝက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ ဆက်လက်သိရှိရသည်။

The Voice Weekly

No comments:

Post a Comment