Wednesday, May 14, 2014

မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်နိုင်ဟု ယူဆကြောင်း ဆို

ရာဇာမင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိပဲ ယင်းဖြစ်စဉ်မှာ မိုးရွာသွန်း၍ လမ်းချော်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ယူဆနိုင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။
နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ကားသည် မေလ ၁၂ရက် ည၇နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆အနီးရှိ တံတားအောက်သို့ ကျရာက် တိမ်းမှောက်ခဲ့ရာ ၁၄ဦး သေဆုံးပြီး ၂၉ဦး ဒဏ်ရာ ရရှိခဲ့သည်။
ယင်း မတော်တဆမှု ဖြစ်ပွားချိန်တွင် မိုး သည်းထန်စွာ ရွာသွန်းနေသဖြင့် လမ်းချော်ကာ ယာဉ် တိမ်းမှောက်ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူးကြီးနေဝင်းက မေလ ၁၃ရက်နေ့က သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောသည်။

'' အခင်းဖြစ်တဲ့အချိန်မှာ မိုးက သဲသဲမဲမဲ ရွာနေတယ်။ ကီလိုမီတာ ၈ဝလောက် မောင်းနေတဲ့ ကားက ၄ဝလောက်ပဲ မောင်းလို့ ရတဲ့ အနေအထား ဖြစ်နေတယ်။ အခင်းဖြစ်တဲ့ နေရာမရောက်ခင် တစ်ဖာလုံလောက်ကတည်းက လမ်းရဲ့ ညာဘက်ခြမ်းကို ဘီးနှစ်ဖက်လုံး ရောက်သွားပါတယ်။ ၁၉၇/၆မှာ ကွန်ကရစ်တုံးကို ဝင်တိုက်ပါတယ်။
ပြီးတော့ တံတားမှာ ရှိတဲ့ လက်တန်းရော ၊ အောက်ထဲမကျအောင် ကာထားတဲ့ အကာအရံတွေကိုရော ဆက်တိုက်ပြီးတော့ အောက်ထဲမှာ ၄၅ဒီဂရီ စောင်းပြီးတော့ လဲတယ်။လမ်းအနေအထားက ၁၉၇/၆နဲ့ ၁၉၇/၇ကြားမှာ နည်းနည်းလေး ကွေ့သွားတယ်။ တစ်ဖာလုံလောက်ပေါ့။
သို့သော်လဲ သိပ်အကွေ့ကြီးတော့လဲ မဟုတ်ဘူး။ အဓိကက မိုးရွာသွန်းမှုကြောင့် လမ်းချော်တာလို့ပဲ ယူဆရပါတယ်'' ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။
အချို့သော ယာဉ်မတော်တဆမှုများမှာ အရက်သေစာ သောက်စားပြီး ယာဉ်မောင်နှင်ခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်သော်လည်း ယခု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။
''ယာဉ်မောင်းက လုံးဝ အရက်သောက်မထားပါဘူး။ ညက ချက်ချင်းပဲ သူ့ကို သွေးစစ်တယ်။ ဆေးရုံ အုပ်ကြီးဆီကနေ ချက်ချင်း ဖုန်းဆက်လာပါတယ်။ အရက် သောက်ထားခြင်း လုံးဝမရှိဘူး။'' ဟု ၄င်းက ပြောသည်။
''ကျွန်တော်တို့ ယာဉ်လိုင်းက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ အရက်သေစာ သောက်သုံးလို့ မရပါဘူး'' ဟု နေပြည်တော်ရှိ ရာဇာမင်းဂိတ်တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ၂၉ယောက် ဒဏ်ရာရရှိခဲ့သည့်အနက် ၂၆ယောက်မှာ နေပြည်တော် ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက် ရှိပြီး ၃ယောက်မှာ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသလျှက် ရှိသည်။နေပြည်တော် ကုတင်(၁ဝဝဝ) ဆေး ရုံကြီးတွင် ကုသမှု ခံယူလျှက် ရှိသူ များအနက် ၃ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိပြီး ကျန် လူများမှာ စိတ်ချရသည့် အနေအထားရှိကြောင်း သိရသည်။
အဓိက တာဝန်ရှိသည့် ယာဉ်မောင်းဖြစ်သူမှာလည်း ဦးခေါင်းဒဏ်ရာ အနည်းငယ်နှင့် လက်ဖဝါးဒဏ်ရာ အနည်းငယ်တို့သာ ရရှိထားပြီး မစိုးရိမ်ရကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။
''ယာဉ်မောင်းမှာ တာဝန်ရှိပါတယ်။ သူ့ကို သီးသန့်အခန်းတစ်ခန်းနဲ့ ထားတယ်။
ထိထိရောက်ရောက် အရေးယူပါမယ်။ အခု အမှုဖွင့်ထားတယ်။ သူ့ကို လောလောဆယ် သံခြေကျင်း ခတ်ပြီး အချုပ်နဲ့ ထားပါတယ်။ ဖြစ်ပြီးပြီးချင်းပဲ သူ့ကို ပုဒ်မ ၃ဝ၄(က)နဲ့ အမှုဖွင့်ထားပါတယ်'' ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။
ယင်း ဖြစ်စဉ်အတွက် မထသမှ တာဝန်ရှိသူများ၊ ရာဇာမင်း ယာဉ်လိုင်း တာဝန်ခံ၊ နေပြည်တော် ဂိတ်တာဝန်ခံ၊ အကူယာဉ်မောင်းတို့အား ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရာဇာမင်း ယာဉ်လိုင်း ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေးမှာ ပြည်ပခရီးသွားနေသဖြင့် လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ယာဉ်လိုင်း တာဝန်ခံ ဦးအောင်မျိုးဆင့်က ပြောသည်။
ရာဇာမင်း ယာဉ်လိုင်းသည် ၂ဝ၁၄ခုနှစ်အတွင်းတွင် ယာဉ်မတော်တဆမှု ၃မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ကာ ၂ဝ၁၃ခုနှစ်အတွင်းကလည်း ယာဉ်အား ဓါးပြတိုက်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်အား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
သတင်း၊ ဓာတ်ပုံ - စုမွန်(UFL)
The Trade Times
Photo From
Lsomaungmaung Maung မန္တလေး သတင်း ပုံရိပ်များ

No comments:

Post a Comment