Monday, May 19, 2014

လူအသေအပျောက်နည်းအောင် ဒါတွေ အရင်လုပ်ပေးပါ

ခုရက်ပိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြမှုအများဆုံး သတင်းတစ်ခုကတော့ ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်း ပြဿနာပါ။ ပြီးခဲ့တဲ့ မေလ ၁၂ ရက် အမြန်လမ်း မိုင်တိုင် ၁၉၇/၆ မှာ ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တံတားအောက် ထိုးကျတိမ်းမှောက်ခဲ့ပြီး နေရာမှာတင် ခရီးသည် ၁၄ ယောက် ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဒီအကြောင်း အရာပြောဆိုမှု ပိုများလာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က စုံစမ်းရေးကော်မရှင်ဖွဲ့တာတွေ၊ သတင်းစာရှင်းလင်းပွဲတွေလုပ်သလို မီဒီယာအသီးသီးမှာလည်း ဒီအကြောင်း ဝေဖန်၊ ပြောဆို၊ ရေးသားမှုအများအပြားရှိခဲ့ပါတယ်။ ဒီအဝေးပြေး လမ်းမကြီးနဲ့ ပတ်သက်ပြီး သေဆုံးမှုတွေ ဘယ်လောက်ရှိခဲ့ပြီလဲ၊ ဘာတွေကြောင့် ဖြစ်ရတာလဲ၊ အသေအပျောက် လျော့နည်းအောင် လတ်တလော ဘာတွေ လုပ်ပေးရင် ရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ 

အစိုးရဘက်က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ လမ်းစဖွင့်တဲ့ ၂၀၀၉ မတ်လကနေ ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၂ ရက်အထိ ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၆၇ ယောက်နဲ့ ဒဏ်ရာရသူ ၁,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အခု နှစ်ဆန်းကနေ ဧပြီလလယ်အထိ ရက်ပေါင်း ၁၀၀ ကျော်အတွင်း
ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ လောက် သေဆုံးခဲ့ပါတယ်။ ပြောရရင် ၄၃ နာရီမှာ လူတစ်ယောက်နှုန်း သေနေတဲ့ သဘောပါ။ (မေလ ၁၂ ရက်နေ့ ဖြစ်ပွားတဲ့ ရာဇာမင်း ယာဉ်တိမ်းမှောက်မှု ထည့်တွက်ရင် ဒီထက်ပိုများ နိုင်ပါတယ်။) ကိန်းဂဏန်းတွေအရ တစ်နှစ်ထက် တစ်နှစ် လူအသေအပျောက်နှုန်း ပိုများလာတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ တစ်နှစ်နဲ့တစ်နှစ် နေပြည်တော်ကို ခရီးသွားတဲ့ လူအရေအတွက် ပိုများလာလို့ ဖြစ်ရတာလို့လည်း ကောက်ချက်ချသူတွေ ရှိပါတယ်။ 

ဒါကြောင့် နေပြည်တော် အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှု နည်းရအောင်၊ လူအသေအပျောက် နည်းအောင် ပထမဦးဆုံး လုပ်ပေးနိုင်တာက အသွားအလာ၊ ခရီးသည်ဦးရေ လျော့ကျအောင် လုပ်ပေးတာပါ။ အားလုံးသိကြတဲ့အတိုင်း နေပြည်တော်မှာ အစိုးရအဖွဲ့ရုံးစိုက် ပါတယ်။ နေပြည်တော် သွားတဲ့လူ အများစုဟာလည်း အဲဒီအစိုးရရုံးအသီးသီးကို ကိစ္စရှိလို့၊ မသွားမဖြစ်လို့ သွားကြရသူတွေ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရအဖွဲ့ဟာ ပြည်သူတွေ နေပြည်တော်လာဖို့ လိုအပ်ချက်နည်းအောင် အစီအစဉ်ချမှတ် အကောင်အထည် ဖော်နိုင်ပါတယ်။ တချို့ကိစ္စတွေကို ပြည်သူတွေ၊ စီးပွားရေးသမားလုပ်ငန်းရှင်တွေ နေပြည်တော်ရုံးတွေဆီ လာစရာမလိုဘဲ ရန်ကုန်မှာ၊ ဒါမှမဟုတ် မန္တလေးနဲ့ နယ်မြို့တွေမှာ လုပ်ကိုင်ဆောင်ရွက်လို့ရအောင် ဖန်တီးပေးလို့ ရပါတယ်။ နောက်တစ်ခုကတော့ နေပြည်တော်အထိ လာစရာမလိုဘဲ အွန်လိုင်းကနေ လုပ်ငန်းတွေလုပ်လို့ရအောင် ဖန်တီးပေးတာမျိုးပါ။ နောက်ဆုံးတစ်ခုက အစည်းအဝေးပွဲကြီးတွေ၊ တွေ့ဆုံ ပွဲတွေလုပ်တဲ့ပုံ ပြင်ဆင်ဖို့ပါ။ ဥပမာ အစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက် နှစ်ယောက်အတွက် ရာနဲ့ချီတဲ့လူတွေ၊ ရန်ကုန်ကနေ နေပြည်တော် သွားရမယ်ဆိုတာမျိုး မလုပ်ဘဲ၊ အဲဒီ တာဝန်ရှိသူ တစ်ယောက် နှစ်ယောက် ရန်ကုန်ဆင်းလာ၊ ပွဲကျင်းပ အစည်းအဝေးလုပ်တာမျိုး ဖြစ်ပါတယ်။ ဥပမာ အခုတလော နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ရန်ကုန်ဆင်းလာတာမျိုး၊ ပုံနှိပ်ထုတ်ဝေသူတွေ သတင်းမီဒီယာတာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် ရန်ကုန် ဆင်းလာတာမျိုး ဖြစ်ပါတယ်။ အဲဒါမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရင် နေပြည်တော်သွားရသူ နည်းသွားပြီး ယာဉ်မတော်တဆမှုနည်း၊ လူသေတာလည်း အထိုက်အလျောက် နည်းသွားမှာ ဖြစ်ပါတယ်။ 

ဒုတိယကတော့ အခုလက်ရှိ နေပြည်တော်ကို ကားလမ်းကိုချည်း အများကြီး အားကိုးနေရတာ လျှော့ချဖို့ပါ။ ဒီအတွက် ရထားလမ်း ပြုပြင်တာ၊ ရထားကို ပြည်သူတွေ စီးချင်လာ၊ အသုံးပြုချင်လာအောင် လုပ်ပြီး ရထားခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲစေဖို့ပါ။ ဒီအထဲမှာ ရထားခတွေ သဘာဝကျဖို့၊ စီးရတာ သက်သောင့်သက်သာ အဆင်ပြေအောင် စီးနိုင်ဖို့၊ ရထားလက်မှတ် ၀ယ်ရတာ အဆင်ပြေစေဖို့၊ နေပြည်တော် ဘူတာရုံကနေ သွားချင်လာချင်တဲ့နေရာကို သက်သက်သာသာ အဆင်ပြေပြေသွားနိုင်အောင် စီစဉ်ပေးဖို့ အားလုံးလုပ်ဖို့ လိုပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်၊ ခေါက်ရေ တိုးချဲ့ပြေးဆွဲနိုင်အောင် လုပ်ရပါမယ်။ ဒီအတွက် ရထားဝန်ကြီးဌာနရဲ့ ခြစား ပျက်စီးယိုယွင်းမှုကြောင့် စီးပွားရေးအရ တွက်ခြေမကိုက် အရှုံးပေါ်နေတဲ့ ပြဿနာတွေကိုပါ ဖြေရှင်း၊ ကုစားဖို့ လိုပါလိမ့်မယ်။ 

တတိယကတော့ လက်ရှိ ပြေးဆွဲနေတဲ့ နေပြည်တော် အဝေးပြေးကားတွေကို အန္တရာယ်ကင်းအောင် စနစ်တကျ ကြီးကြပ်ဖို့ပါ။ ပြည်သူတွေဟာ နေပြည်တော်ကို ကားအမျိုးမျိုးသုံးပြီး သွားကြပါတယ်။ ဒီအထဲမှာမှ အဝေးပြေးဘတ်စ်ကားတွေ အသုံးပြုပြီး သွားတာ လူအရည်အတွက် အများဆုံးဖြစ်နိုင်ပါတယ်။ ဒီဘတ်စ်ကားတွေ အန္တရာယ်ကင်းအောင် ပြေးဆွဲနိုင်ရင် ယာဉ်မတော်တဆမှု လျှော့ချနိုင်ရုံမက မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သေကြေဒဏ်ရာ ရစေတဲ့ကိစ္စမျိုး လျှော့ချနိုင်ပါ လိမ့်မယ်။ ဒီကိစ္စ အရေးတကြီးထားရတာက အဝေးပြေးဘတ်စ်ကား တစ်စီးမတော်တဆဖြစ်ပြီဆိုတာနဲ့ လူအများအပြား သေကြေဒဏ်ရာရနိုင်တဲ့ ပြဿနာ ရှိနေလို့ပါ။ 

စတုတ္ထလိုအပ်ချက်ကတော့ အမြန်လမ်း ပြုပြင်ရေးပါ။ လက်ရှိ အာဏာပိုင်တွေဟာ ယာဉ် မတော်တဆမှုတွေ ဖြစ်လာရင် လမ်းပြဿနာကြောင့် မဟုတ်ဘူးလို့ ဇွတ်ငြင်းဆန်လေ့ရှိပါတယ်။ မမှန်ကန်တဲ့ ကိန်းဂဏန်းတွေ ကိုးကားပြီး လမ်းအရည်အသွေးကြောင့် မတော်တဆဖြစ်တာ တစ်ရာခိုင်နှုန်းကျော်ပဲ ရှိတယ်ဆိုပြီး မျက်စေ့မှိတ် လိမ်လည်လေ့ရှိကြပါတယ်။ အမှန်ကို ၀န်ခံဖို့ လိုပါတယ်။ ဒီအမြန်လမ်းမကြီးကို အရင်အာဏာရှင်တွေ စိတ်ထင်သလို အကောင်အထည်ဖော်ခဲ့တော့ လိုအပ်ချက် အများကြီးရှိနေတာ ဒီနေ့ ဘယ်သူမှ မငြင်းတော့ပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းကလည်း အမြန်လမ်းပြုပြင် စားရိတ် အတောင်းကြမ်းလို့ အမတ်တွေက ဖြတ်ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ခုလို လူအသေအပျောက်များတဲ့ ပြဿနာပေါ်လွန်းတော့ ဘယ်လိုကိစ္စတွေမှာ ယာဉ်မတော်တဆ အဖြစ်အများဆုံးလည်း အဖြေရှာပြီး အမြန်ပြုပြင်ဖို့ လိုပါတယ်။ ဥပမာ လမ်းအကျယ်ထက် တံတားတွေ ကျဉ်းမြောင်းနေတဲ့ ပြဿနာမျိုးပါ။ ပြည့်ပြည့်စုံစုံဖြစ်ဖို့ကတော့ ငွေကြေးဘတ်ဂျက် အပေါ်မူတည်ပြီးမှ အကောင်အထည်ဖော်လို့ ရပါလိမ့်မယ်။ 

လမ်းကြီးတစ်ချောင်းလုံး စံချိန်မီ မပြုပြင်နိုင်သေးခင် စပ်ကြား ဒီတင်ပြခဲ့တဲ့ အချက်လေးချက် အကောင် အထည်ဖော်နိုင်ခဲ့ရင် နေပြည်တော် အမြန်လမ်း ယာဉ်မတော်တဆမှု လျှော့ချနိုင်မှာဖြစ်ပြီး လူသေပျောက်မှုနှုန်းကိုပါ လျော့နည်းစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ 

mizzima

No comments:

Post a Comment