Sunday, May 18, 2014

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မန္တလေးသို့ မေလ ၁၈ ရက်နေ့တွင် လာရောက် ဟောပြောမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ နေ့တွင်ပင် ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက အမျိုးသားရေး အသိပညာပေး ဟောပြော ပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဟောပြောပွဲ ကိစ္စရပ်များ အားလုံးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
အထက်မြန်မာပြည်တို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။
ဆရာတော်တို့ကို လာရောက် အကြောင်းကြားထားခြင်း မရှိဘဲ ဖိတ်စာကိုသာ လက်ခံ ရရှိထားကြောင်း၊ ယင်းကြောင့် အားလုံး အမြင်ရှင်းစေရန် ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲနှင့် ပတ်သက်မှု မရှိကြောင်းကို ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဆရာတော်နှင့် အတွင်းရေးမှူး ဆရာတော် အရှင်ယသတို့က မိန့်ကြားသည်။

“ကျွန်မတို့ကတော့ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်တာပါ။ အခြေခံဥပဒေ ပြင် တာလည်း နိုင်ငံရေးအလုပ် ဖြစ်သလို အမျိုးဘာသာ သာသနာအတွက် လုပ်ကိုင် ဆောင်ရွက်တာကလည်း အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် နေ့နဲ့ တိုက်ဆိုင်နေတာဟာ အမှတ်မထင် တိုက်ဆိုင်ခြင်းပါ” ဟု ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာ က ပြောကြားသည်။
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အမျိုးသားရေး ဟောပြောပွဲကို မေလ ၁၈ ရက်နေ့တွင် အောင်မြေသာစံ မြို့နယ် ၁၉ လမ်း ၆၁-၆၂ လမ်းရှိ နန်းရှေ့ဘောလုံးကွင်းတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာနှင့် စာရေးဆရာမ ဒေါ်ယဉ်ယဉ်နု တို့က ဟောပြော မည် ဖြစ်ပြီး မေလ ၁၈ ရက်နေ့ ယင်းအချိန်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် အောင်ပင်လယ်ကွင်းတွင် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောမည် ဖြစ်သည်။
“ဟောပြောပွဲ လုပ်တာတို့ ဘာတို့ဆိုတာ သူလုပ်ခွင့် ရှိတာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ သဘောထား မှတ်ချက်ပေးစရာ မရှိပါဘူး။ အင်အားပြချင်တာ ဆိုရင်တော့ ကိုယ့်အင်အားကို ကိုယ်သိဖို့ လိုတယ်” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့် မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးတို့ အတွက် ထောက် ခံပွဲ၊ ဟောပြောပွဲများသည် ပါတီတစ်ခုခုကို လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို လည်းကောင်း ထိခိုက်ပြောဆို ဟောပြောမှုများကို တွေ့ရှိနေရသဖြင့် အမျိုးသားရေး ဟောပြောပွဲ၊ မျိုးစောင့်ဥပဒေဆိုင်ရာ ထောက်ခံပွဲ၊ ဟောပြောပွဲများတွင် သက်ဆိုင်ရာ အမျိုးဘာသာ သာသနာအဖွဲ့များနှင့် ပူးပေါင်းပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့တို့ကို ဆက်သွယ်ခွင့်ပြုချက် သြဝါဒ ခံယူရမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုက မေလ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment