တိုင်းရင်းဆေးပညာ ဦးစီးဌာနသို့ လာရောက် မှတ်ပုံတင်သည့် တိုင်းရင်းဆေးဝါးများအနက် အချို့သော တိုင်းရင်းဆေးဝါးများ၌ ဆေးညွှန်းတွင် ဖော်ပြမထားသည့် အခြားသော ပစ္စည်းများ ရောနှော ထုတ်လုပ်မှုနှင့် ဆင်တူသည့် ဆေးပင်များ မှားယွင်းထည့်သွင်းမှု အများဆုံး တွေ့ရှိနေကြောင်း မေလ ၆ ရက်နေ့က မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် တိုင်းရင်းဆေးပညာ စာတမ်းဖတ်ပွဲ၌ အဆိုပါဌာန ဓာတ်ခွဲခန်း သုတေသနအရာရှိ ဒေါ်ခင်စန်းလင်းက ပြောကြားသည်။
“တိုင်းရင်းဆေး ဖော်စပ်တဲ့ ဆေးပင်တွေက နာမည်ဆင်တူတွေ အရမ်းများတယ်။ ဆေးခါးကြီးနဲ့ ရှမ်းဆေးခါးဆိုရင် အမည်လွဲမှားပြီး သုံးကြတယ်။ ဆေးဘူးမှာတော့ ထည့်သွင်းပြီး ဖော်ပြမထားဘူး။ ဒါပေမဲ့ စစ်ဆေးကြည့်တဲ့ အခါမှာ တခြားဆေးပင်တွေ ရောနှောပြီး သုံးထားတာတွေပေါ့။ အဲဒါတွေက အများဆုံး တွေ့ရတယ်” ဟု ဒေါ်ခင်စန်းလင်းက ဆိုသည်။
မှတ်ပုံတင် ရန်လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးများအနက် ဆေးပင် ပါဝင်သော ဆေးမှုန့်၊ ဆေးပြား၊ ဆေးတောင့် (ဆေးရည်နှင့် ဆေးပျော့ မပါဝင်ပါ) တို့ကို စစ်ဆေးရာတွင် ဆေးဘူးတွင် ဖော်ပြမထားသည့် အခြားသော ပစ္စည်းများ ရောနှောပါဝင်နေခြင်း၊ ဆေးပင်အမည် ဆင်တူများ အပေါ်တွင် မှားယွင်း ထည့်သွင်းခြင်းတို့ အများဆုံး တွေ့ရှိရသည့်အပြင် ထုတ်လုပ်ထားသည့် ဆေးထဲတွင် မှို၊ စစ်မှန်မှု မရှိသော ဆေးပစ္စည်းများ အစားထိုး အသုံးပြုခြင်းနှင့် အင်းဆက်ပိုးမွှားများ စသည်တို့ကို တွေ့ရှိရကြောင်း ၎င်းက ထပ်မံဆိုသည်။
“ဆရာမတို့ဌာနကို တစ်နိုင်ငံလုံးက မှတ်ပုံတင်တဲ့ တိုင်းရင်းဆေးထဲမှာပါတဲ့ ဆေးပင်တွေ တကယ်ပါဝင်မှုရှိ မရှိ စမ်းသပ်ကြည့်တဲ့အခါ တကယ်ပါဝင်ရမယ့် ဆေးပင်တွေ မဟုတ်ဘဲ အရောအနှောတွေ ပါနေတာ တွေ့ရတယ်။ တချို့က ဆေးတွေ မှိုတက်နေတာ။ အမှုန့်မပြုခင်က မှိုတက်နေတာတွေ၊ ထုပ်ပိုးပစ္စည်း မသေချာလို့ မှိုတက်နေတာတွေ တွေ့ရတယ်။ ဆေးဝါးတွေမှာ ဆေးပင် အရောအနှောတွေ ပါတဲ့အတွက် ဆေးအာနိသင်ကို အပြည့်အဝ မရရှိတော့ဘူး။ မှိုတွေ တက်နေတဲ့အတွက် အကျိုးဖြစ်ရမယ့်ဟာက ဆိုးကျိုးတွေ ဖြစ်သွားစေနိုင်တယ်” ဟု ၎င်းကထပ်မံဆိုသည်။
ယင်းသို့ တွေ့ရှိမှုကို ပြင်ဆင် ထုတ်လုပ်ရန်အတွက် ထုတ်လုပ်သူကို အသိပေးကာ မှတ်ပုံတင်ထားသည့် တိုင်းရင်းဆေးဝါးများတွင် ချွတ်ယွင်းချက်များ တွေ့ရှိပါက ထုတ်လုပ် ရောင်းချခွင့်မပြုဘဲ အကယ်၍ ထုတ်လုပ် ရောင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက ဆေးဝါးဥပဒေအရ တရားစွဲ အရေးယူမှု ပြုလုပ်မည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောကြားသည်။
“အမှန်တကယ် အသုံးပြုရမယ့် အချို့ဆေးပင်တွေက ရှားပါးသွားတာရယ်၊ ဓာတ်သဘောချင်း တူတာရယ်ကြောင့် အစားထိုး အသုံးပြုကြတာ ဖြစ်ပါလိမ့်မယ်။ ဥပမာ-အချိုဓာတ်ရှိတဲ့ နွယ်ချိုဆိုရင် ရှားပါးတဲ့ အခါကျတော့ သူနဲ့ အချိုသဘာဝချင်းတူတဲ့ ကြံဖတ်ကို ကြိတ်၊ အမှုန့်ပြုလုပ်ပြီး နွယ်ချိုနေရာမှာ အစားထိုးပြီး ထည့်ကြတာပေါ့။ စပါးကြီး သည်းခြေတို့၊ မိကျောင်းသည်းခြေတို့ ဆိုရင် အရမ်းရှားပါး သွားပြီဆိုတော့ သင်ခဲ့၊ လေ့လာခဲ့ဖူးတွေ သူတွေလောက်ပဲ သိတော့တယ်။ တိုင်းရင်းဆေးမှာ ဂုဏ်ဆိုတာ ရှိတယ်။ ဆေးမှာပါဝင်တဲ့ ဂုဏ်သတ္တိအရ အရသာပေါ် မူတည်ပြီး သူနဲ့ အရသာချင်း အလားသဏ္ဌာန်တူတဲ့ ပါဝင်ပစ္စည်း တစ်ခုခုကို အစားထိုး လိုက်ကြတာပါ။ အဲဒီလိုတွေ ဆိုရင်တော့ တကယ်ရရမယ့် ဆေးရဲ့အာနိသင်ကို အပြည့်အဝ မရတော့ဘဲ တခြားအကျိုး သက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါတယ်” ဟု ချမ်းအေးသာစံ မြို့နယ်ရှိ ဇီဝက တိုင်းရင်းဆေးတိုက်မှ တိုင်းရင်းဆေးဆရာကြီး ဦးကျော်နိုင်က သုံးသပ်ပြောဆိုသည်။
အဆိုပါဌာန စစ်ဆေး တွေ့ရှိမှုများအရ ၂၀၁၁ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဆေးဖုံ ၁၀၂၆ မျိုးအနက်မှ ၂၀ မျိုး၊ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဆေးဖုံ ၆၁၁ မျိုးအနက်မှ ၁၁ မျိုး၊ ၂၀၁၃ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဆေးဖုံ ၄၈၅ မျိုးအနက်မှ ၁၅ မျိုးတို့ ဖြစ်ကြောင်း ယင်းရလဒ် မှတ်တမ်းများအရ သိရသည်။
The Voice Weekly
No comments:
Post a Comment