Monday, May 19, 2014

စတနာအမှားနှင့် နေရာအမှား

ယခင်အုပ်ချုပ်ခဲ့သည့် အစိုးရနှစ်ဆက် လက်ထက်က အရေးပါသည့်နေရာတွင် ပါဝင်လုပ်ဆောင်ခဲ့သူ အချို့က ၎င်းတို့အတိတ်က ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုကြရာတွင် ၎င်းတို့၏ လုပ်ဆောင်မှုများတွင် အမှားများပါဝင်ကောင်းပါဝင်လိမ့်မည်။
သို့သော် ထိုအမှားများသည် တိုင်းပြည်အပေါ် စေတနာဖြင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် ခွင့်လွှတ်သင့်ကြောင်း ပြောဆိုလေ့ရှိသည်ကို မကြာခဏကြားရပေသည်။ ယင်းကဲ့သို့ပြောဆိုချက်သည် အမှန်တကယ် ကျိုးကြောင်းဆီလျော်ပါသလား။
အမှန်တကယ် တိုင်းပြည်အတွက် စေတနာဖြင့် လုပ်ဆောင်ခဲ့ကြသည်ဆိုပါလျှင် တာဝန်ယူလုပ်ဆောင်ပြီး ကာလတစ်ခု၌ ပြန်လည်သုံးသပ်ပြီးနောက် လျှောက်ခဲ့သည့် လမ်းမည်သည့်နေရာက မှန်ခဲ့ပြီး မည်သည့် နေရာက လွဲဖယ်ခဲ့သည်ဆိုသည်ကို မြင်နိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
ယင်းသို့မြင်သည့်အခါတွင် လွဲနေသည့်လမ်းများကို ပြန်တည့်မတ်ဖို့ မှန်ကန်သည့်လမ်းကြောင်းများကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ကြရမည်ဖြစ်ပေသည်။ သို့သော် ယင်းသို့ မဖြစ်ခဲ့သဖြင့်သာ နှစ်ပေါင်း ၅၀ နီးပါး အဆိုးဘက်သို့သာ ဦးတည်ခဲ့ရခြင်းဖြစ်ပေသည်။
ကျွန်တော်တို့နိုင်ငံ၏ သမိုင်းတွင် အလွဲလွဲအမှားမှား ဖြစ်ခဲ့ရသည့် နှစ်ကာလသည် ဆယ်စုနှစ်တစ်ခု နှစ်ခုမက ကြာရှည်ခဲ့ပေရာ ယင်းလွဲမှားမှု ဒဏ်ခံစားရသည့် ပြည်သူများ စိတ်နာမည်ဆိုလည်း နာလောက်သည့် အကြောင်းရင်းများ ဖြစ်နေပေသည်။
ထိုအမှောင်ခေတ်ကာလကြီးတွင် နိုင်ငံကသွားနေသည့် လမ်းကြောင်းသည် မှန်သလား မှားသလား ဝေဖန်ထောက်ပြကြမည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် နိုင်ငံရေးသမားများသည်လည်း ထောက်ပြပြောဆိုခွင့် မရခဲ့ကြပေ။
စစ်အုပ်ချုပ်ရေးအာဏာပိုင်များက ပညာရှင်များကို ၎င်းတို့အတွက် ထိုင်မည့် ခုံစီပေးသည့် အဆင့်တွင်သာ ထားရှိခဲ့ကြသည်။ မေးလျှင် ဖြေ၊ ပြောလျှင် ခေါင်းညိတ်၊ ခိုင်းလျှင် လုပ်ရမည့် နေရာမျိုးတွင်သာထားခဲ့ကြသည်။ ပွင့်လင်းစွာ ပြောလေ့ရှိသည့် နိုင်ငံရေးသမားကတော့ သံတိုင်နောက်တွင် နှစ်အတော်များများ နေထိုင်ခဲ့ကြရသည်။
အချို့သော နိုင်ငံရေးသမားများမှာ သူတို့၏ အရွယ်သုံးပါးမှ တစ်ပါးလုံး သံတိုင်နောက်တွင် ကုန်ဆုံးခဲ့ကြရသည်။ ပထမအရွယ်တွင် သံတိုင်နောက်ရောက်ခဲ့သူတို့သည် ဒုတိယအရွယ်တွင်မှ ပြန်ထွက်လာကြရသည်။ ဤသည်မှာလည်း ယင်းခေါင်းဆောင်များ၏ စေတနာ အမှားများစွာအနက်က အကြီးမားဆုံး အမှားတခု ဖြစ်ကောင်းဖြစ်ပေ လိမ့်မည်။
ထို့ကြောင့်လည်း တိုင်းပြည်ထဲတွင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောသူမရှိတော့ဘဲ တိမ်းရှောင်သူ တိမ်းရှောင်၊ အထဲရောက်သူရောက်ဖြင့် အမှောင်ကာလရှည်ကြာခဲ့ရ ပြန်ပေသည်။ စေတနာတကယ်ရှိသည်ဟု ဆိုသော်လည်း ယင်းခေါင်းဆောင်ခဲ့သူများ မှားခဲ့သည့်နေရာအမှားများက တိုင်းပြည်အတွက် အလွန်နစ်နာခဲ့ပေသည်။ ဖြစ်သင့် ဖြစ်ထိုက်သည့် မဖြစ်ခဲ့ရသလို မဖြစ်သင့်သည့် အရာများစွာလည်း ဖြစ်ပျက်ခဲ့သည့် ကာလကြီးဖြစ်ခဲ့သည်။
ငွေကြေးဖောင်းပွမှုများ ဆယ်နှင့်ချီရာမှ ရာနှင့်ချီ မြင့်တက်ခဲ့ချိန်၊ ပြည်တွင်းတွင် အလုပ်လက်မဲ့များ မြင့်တက် လာကာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ အောက်ခြေသိမ်း အလုပ်ကို ကြောက်လန့်စွာ လုပ်ကိုင် စားသောက်နေရချိန်၊ ဘွဲ့ရပညာတတ်များက ပြည်ပနိုင်ငံများတွင် စားပွဲထိုး၊ အိမ်ဖော် အလုပ်ကြမ်းများကို လုပ်ကိုင်နေရချိန် နိုင်ငံကို ဦးဆောင်မောင်းနှင်သူများ၏ သားသမီး ဆွေမျိုးသားချင်းများက ကုမ္ပဏီကြီးကြီး ငယ်ငယ် ပိုင်ဆိုင်ကာ စီးပွားရေးအခြေကျနေခဲ့ကြသည်။

ပြန်လည်ရင်ကြားစေ့ရေး ပျက်ပြားစေလိုသည့်သဘောဖြင့် အတိတ်က အဖြစ်အပျက်များကို ပြန်လည်ဖော် ထုတ်ပြီး အနာဂတ်လျှောက်လှမ်းမည့်လမ်း မဖြောင့်ဖြူးအောင် လုပ်ဆောင်နေခြင်းမဟုတ်ပဲ ပစ္စုပ္ပန် လမ်းကြောင်း မှန်မှန် လျှောက်လှမ်းဖို့အတွက် အတိတ်ကအမှားများကို ချဉ်းကပ်ပုံ မှန်ကန်ဖို့ သင်ခန်းစာယူမှန်ဖို့တော့ လိုအပ်ကြောင်းကို မဇ္ဈိမမှ ထောက်ပြလိုခြင်း သာဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။





Mizzima

No comments:

Post a Comment