Friday, May 30, 2014

မေ့လျော့ ခံအားကစား

ခပ်လှမ်းလှမ်းမှအရှိန်ဖြင့် ပြေးလာပြီး ခုံပြားစောင်းလေးပေါ်မှ တစ်ဆင့်  လေထဲသို့ ပေ အနည်းငယ် ခန့် မြောက်တက်သွားချိန်ခြေချော်ကာ မြေပေါ်လဲကျသွားသည့်လူငယ်က  နာကျင်ဟန် မပြဘဲ ပြန်ထလာသည်။ အသက် (၁၇)နှစ်ရှိပြီဖြစ်သည့် ထိုလူငယ်လေးက နောက်တစ်ကြိမ်    ထပ်မံစမ်းသပ်လေ့ကျင့်ရန်  အ သင့်ဖြစ်နေသည်။
သူ့ခြေထောက်အောက်တွင် စကိတ်ဘုတ်တစ်ခုရှိသည်။ အဆို ပါစကိတ်ဘုတ်ကို ကျွမ်းကျင် ပိုင် နိုင်စွာစီးရင်း အဆင့်တစ်ခုပြီးတစ် ခု ကျော်ဖြတ်နိုင်ရန်   လေ့ကျင့် နေခြင်းဖြစ်သည်။ ညနေ ၅ နာရီမှ ည ၉ နာရီခန့်အကြားလေ့ကျင့်နေ သည့် လူငယ်များကို ဝဲယာတစ် ဖက်တစ်ချက်ရှိ ဖြတ်သွားဖြတ် လာ လူများက အထူးအဆန်းငေး မောလျက်။
နေရာက လှည်းတန်းခုံး ကျော်တံတားအောက်တွင်ဖြစ်ပါ သည်။ တံတားအောက်ခင်းထား သည့် ကွန်ကရစ်နေရာက ကစား ကွင်းပျောက်ဆုံးနေကြသည့် စကိတ်ဝါသနာရှင်လူငယ်တို့အ တွက် မှီခိုအားထားရာ  ဖြစ်လာ သည်။ တံတားအောက်ဘေးတစ် ဖက်တစ်ချက်တွင် သံပြားစည်းရိုး ကာထားသည့်အတွက် လမ်းပေါ် သို့ ချော်ထွက်နိုင်သည့် အန္တရာယ် မှ ကာကွယ်ပေးထားသည်။
ပုံစံအမျိုးမျိုးဝတ်ဆင်ထား သည့် ဆယ်ကျော်သက်အရွယ် လူငယ်လေးများက စကိတ်ဘုတ် (လေးဘီးစကိတ်)၊ အတန်းလိုက် ဘီးစကိတ် (Rollerblade)စသည့် စကိတ်ကိုယ်စီဖြင့် မိမိတို့ကျွမ်း ကျင်ရာလေ့ကျင့်၍ လှည်းတန်း ခုံးကျော်တံတားကြီးအောက်တွင် လာရောက်စုစည်းမိနေကြသည်။ ထိုနေရာတွင် သောကြာနေ့ည တိုင်း ရန်ကုန်တစ်မြို့လုံးမှ စကိတ် ဝါသနာရှင်လူငယ်လေးများ ဆုံ စည်းကြကာ စကိတ်ပြိုင်ပွဲငယ် များ ပြုလုပ်လေ့ရှိကြသည်။
ပြိုင်ပွဲငယ်များတွင် တော် သည့်လူငယ်လေးများကို စကိတ် ဝါသနာရှင်များဖြင့် စုဖွဲ့ထား သည့် မြန်မာနိုင်ငံစကိတ်ဝါသနာ ရှင်များအသင်း (MSA)က စကိတ် အားကစားနှင့်ပတ်သက်သည့် ပစ္စည်းလေးများကို ဆုအဖြစ်ချီး မြှင့်ကြသည်။ သောကြာနေ့ မရောက်မီ ကြားရက်များမှာတော့ လူငယ်တို့က မိမိတို့နှင့်နီးစပ်ရာသင့်လျော်သည့်နေရာများတွင်အ ဖွဲ့လိုက်လေ့ကျင့်ကြသည်။  များ သောအားဖြင့်တော့ ဆူးလေစေတီဝန်းကျင်နှင့် လှည်းတန်းခုံးကျော်တံတားကြီးအောက်တွင်သာဖြစ် ကြသည်။
‘‘ကျွမ်းတဲ့လူတွေက မတတ် သေးတဲ့လူတွေကို ပြန်သင်ပြတယ်။ ကစားချင်ပေမယ့် မတတ်နိုင်တဲ့ ကလေးတွေကျတော့ ထောက်ပံ့ ပေးရတယ်။ စကိတ်နဲ့ပတ်သက် တာ အကုန်သင်ပေး ပြပေး တယ်။ ဘေးကနေ လိုက်ပြောပေးရ တယ်’’ဟု MSA အဖွဲ့မှ ကိုသစ်က ပြောသည်။
စကိတ်စီးပါက ခေါင်းကွဲ၊ ခြေလက်ကျိုးခြင်းများဖြစ်နိုင် သည်ဟု မိဘတို့က ထင်မှတ်ထား ကြ၍ ဝါသနာပါသူ လူငယ်တို့အား ခွင့်မပြုခြင်းများလည်းရှိသည်။ သို့ရာတွင် စကိတ်ကိုနည်းစနစ် တကျစီးနင်းပါက ထိခိုက်မှုနည်း ပါးသည်ဟု စကိတ်စီးသူတို့က ပြောကြသည်။
MSA တည်ထောင်သူအဖွဲ့ ဝင် ကိုသစ်ကလည်း ‘‘မိဘတော် တော်များများက မကြိုက်ဘူး။ စိုးရိမ်ကြတယ်။ အခုတော့ ကျယ် ပြန့်လာတဲ့အခြေအနေမှာ ခွင့်ပြု လာကြတယ်။ ပြိုင်ပွဲတွေလုပ် တော့ မိဘတွေကိုပါဖိတ်တယ်။ သူတို့လာပြီးကြည့်ကြတော့  အမြင်တွေပြောင်းလာကြပါတယ်’’  ဟု ပြောသည်။
မြန်မာနိုင်ငံ စကိတ်ဝါသနာ ရှင်များအသင်း (MSA)ကို စကိတ်ဝါသနာရှင်လူလတ်ပိုင်း ၁၁ ဦးက ၂၀၁၃ ခုနှစ် မေလ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် လစ်ဟာနေသည့် စကိတ်အားကစား တစ်ရပ်  ဖြစ် ထွန်းလာစေရန် ကြိုးပမ်းလျက်ရှိ ကြသည်။
‘‘သောကြာနေ့ည စကိတ်စီး မယ်။ လှည်းတန်းတံတားအောက် မှာ။ ၇ နာရီစမယ်နော်။ အားလုံး ကြိုဆိုပါ၏။ စကိတ်သင်ပေး မည်’’ဟူသည့် ကြော်ငြာလေးက ဖေ့စ်ဘွတ်ခ်ပေါ်ရှိ Myanmar Skate Association စာမျက်နှာ တွင် သောကြာနေ့မတိုင်မီရက် များ၌ ပေါ်ထွက်လာလေ့ရှိသည်။
MSA ကိုဖွဲ့စည်းပြီး ယခု အခါ အဖွဲ့ဝင်အင်အားမှာ ရန် ကုန်တစ်မြို့လုံးတွင် ၂၀၀ ကျော်ရှိ လာပြီး   တစ်နိုင်ငံလုံးပေါင်းပါက ၆၀၀   ကျော်လာခဲ့ပြီဖြစ်သည်။ MSA အဖွဲ့က   ဦးစီးစီစဉ်သည့် စကိတ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်က မေရီချက်ပ်မင်းကျောင်းတွင်တစ် ကြိမ်၊ ယခုနှစ် လသာကျောင်းတွင် တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ လာမည့် ဇူလိုင် ၂၇ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည့် စကိတ်ပြိုင်ပွဲအတွက်လည်း MSA အဖွဲ့သားများက အထူးလေ့ကျင့်လျက် ရှိကြသည်။
MSA တွင် စကိတ်ဝါသနာ ရှင် အသက် (၅)နှစ်မှ (၂၅)နှစ်ခန့် အထိ လူငယ်များစွာပါဝင်သည့် အနက် ယခုအခါ မိန်းကလေးငယ် များလည်း ပါဝင်လာကြပြီဖြစ် သည်။‘‘ဒီမှာစီးတာ နှစ်လနီးပါးရှိ ပြီ။ အရင်က ကြက်တောင်ရိုက် တယ်။ ကျောင်းကပွဲတွေပြိုင် တယ်။ အခု ဒီဘက်ကိုပြောင်း လိုက်တာ။ တကယ်တမ်းက ကြက်တောင်ထက်စာရင် စကိတ် ကိုပိုစိတ်ဝင်စားတာပေါ့နော်။ မိဘတွေက စိုးရိမ်တာတော့ရှိ တာပေါ့။ အစပိုင်းကအဆင်မပြေ ဘူး။ နောက်ပိုင်းတော့ အိမ်က လူတွေက သိပ်ပြီးတော့မပြော တောဘူး’’ဟု လှည်းတန်းခုံး တံတားအောက်တွင် စကိတ်စီး လေ့ကျင့်နေသည့် အသက် (၁၈) နှစ်အရွယ် မေဟန်က ပြောပြ သည်။
မြန်မာနိုင်ငံမှ စကိတ်ဝါ သနာရှင်လူငယ်များအတွက် အဓိကအရေးကြီးဆုံးလိုအပ်နေ သည့် အခက်အခဲကြီးကတော့ ကစားကွင်းများပျောက်ဆုံးနေ ခြင်းပင်။ ယခင်က သုဝဏ္ဏကွင်း ၌ရှိခဲ့သည့် စကိတ်ကွင်းမှာ ယခု အခါ သုံးမရတော့။ မြို့လယ်ရှိ City Center တွင် ဖွင့်လှစ်ထား သည့် စကိတ်ကွင်းကလည်း အို မင်းဟောင်းနွမ်းနေပြီး သုံးစွဲရန် မသင့်တော့။
ထိုအခါ စကိတ်လူငယ်များ မှာ နီးစပ်ရာနေရာအသီးသီး၌ အဖွဲ့လေးများစု၍ ဖြစ်သလိုလေ့ ကျင့်နေခဲ့ရသည်။ ယခုအခါ လှည်းတန်းခုံးကျော်တံတား အောက်ရှိ ကွန်ကရစ်ပေါ်၌ နေရာ ကောင်းလေးတစ်ခုရရှိလာသည့် အတွက် ထိုနေရာသို့စုပြုံရောက် ရှိလာကြရသည်။ ဆူးလေတွင် လည်း ညနေပိုင်း၌ စကိတ်စီး လေ့ကျင့်နေသည့် လူငယ်လေး များကို တွေ့နိုင်သည်။
စကိတ်ဝါသနာရှင်လူငယ် တို့က တော့ စကိတ်ကွင်းကောင်း တစ်ခုရရှိရန်မှာ သူတို့အိပ်မက်ဖြစ်နေ သည်။ မြေနေရာတစ်ခုရရှိပါက လိုအပ်သည့်စကိတ်ကွင်းနှင့် နိုင်ငံတကာ အဆင့်မီကွင်း ဒီဇိုင်း ပုံဖော်ရန်အတွက်လည်းနိုင်ငံ တကာမှ ကူညီပေးမည့်ပညာရှင် တို့အသင့်ရှိနေသည်။ MSA အဖွဲ့ နှင့်အတူ ဝါသနာအရ လာရောက် ပူးပေါင်း ၍ စကိတ်စီးနေကြသည့် နိုင်ငံ ခြားသားများလည်း ရှိလာ နေပြီဖြစ်သည်။
‘‘အား/ကာကို စာတင်ထား တာ သုံးကြိမ်ရှိပါပြီ’’ဟု MSA ကို ဦးစီးနေသူများထဲမှတစ်ဦးဖြစ် သည့် ကိုလွင်လတ်ကပြောသည်။
‘‘လိုနေတာကွင်းပဲ။ ရန်ကုန် မှာ အင်တာနေရှင်နယ်အဆင့် ကွင်းကောင်းကောင်းလိုတယ်။ မြေနေရာ လိုတယ်။ ကိုယ့်ဘာ သာငှားဖို့မလွယ်ဘူး။ မြေနေရာ အတွက် ဝန်ကြီးကိုစာတင်တယ်။ ကွင်းကကိုယ့်ဘာသာဆောက်လို့ ရတယ်။ ဂျာမန်ပညာရှင်ရှိတယ်။ စာတင်ထားတာ တစ်နှစ်လောက် ရှိပါပြီ။ ထပ်ကြိုးစားရဦးမယ်’’ဟု MSA မှ ကိုသစ်ကလည်း ပြော သည်။
စကိတ်စီးခြင်းကို မြန်မာနိုင်ငံ တွင် လူအမြင်မကျယ်ပြန့်သေး ပေ။ သို့ရာတွင် စကိတ်အား ကစားသည် စရိတ်ကြီးမားသည့် အားကစားထဲတွင် ပါဝင်နေသည်။ စကိတ်ဘုတ်တစ်ခုလျှင် ငွေကျပ် တစ်သောင်းခွဲမှ လေးသိန်းဝန်း ကျင်အထိ ဈေးနှုန်းရှိပြီး ထို့ထက် ပိုများသည့် ဈေးနှုန်းများရှိသည်။
‘‘ကွင်းသတ်သတ်မှတ်မှတ် မရှိတော့ နေရာတွေကို လာရတာ အခက်အခဲနည်းနည်းရှိတယ်။ စကိတ်ဘုတ်ကို ကိုင်သွားရင် လူ တွေက အလကားကောင်တွေ အလေလိုက်နေတာဆိုပြီး အထင် သေးတာမျိုးရှိတယ်’’ဟု စမ်း ချောင်းမြို့နယ်တွင်နေထိုင်ပြီး လှည်းတန်းသို့ လာရောက်လေ့ ကျင့်နေရသည့် အသက် (၁၇)နှစ် အရွယ် ကိုထက်က ဆိုသည်။
စကိတ်စီးအားကစားနည်း ကို စွဲလမ်း၍ လေ့ကျင့်လာရင်း တခြားအပျော်အပါးလျှော့လာ သည့် လူငယ်များစွာရှိလာနေ သည်။ စကိတ်စီးခြင်းဖြင့် အမော ခံနိုင်အောင် လေ့ကျင့်ရင်း ဆေး လိပ်ဖြတ်လိုက်ကြသူများရှိသည်။ ယခင်က ဂိမ်းဆိုင်များတွင် ပျော် မွေ့နေကြသည့် လူငယ်အချို့ လည်း စကိတ်ဘုတ်ကို ခြေ ထောက်တွင် တပ်ဆင်လာကြ သည်။ ကျန်းမာရေးအရ ကောင်း မွန်သည့်အားကစားနည်းဖြစ် သည့်အတွက် ကျန်းမာရေးအမြင် ဖြင့် စီးနင်းလာကြသည်။
‘‘သောကြာနေ့ ညနေတွေဆို လူငယ်တွေက ကလပ်သွား၊ အရက်စုသောက်တာတွေရှိတယ်။ ကျွန်တော်တို့က သောကြာနေ့ည တွေ စကိတ်ပွဲလေးတွေလုပ်တော့ လာတဲ့လူငယ်တွေကို ဆေးလိပ် လုံးဝမသောက်ခိုင်းဘူး။ စည်း ကမ်းနဲ့ထိန်းထားတယ်။ ဩစတြေး လျက နည်းပြနှစ်ဦးခန့်ထားပေး တယ်။ ကျန်းမာရေးအနေနဲ့လည်း တစ်မိနစ်အတွင်း မရပ်မနားစီးရင် ခြောက်ကယ်လိုရီအဆီကျတယ်။ တကယ်ကောင်းတဲ့အားကစား ပါ’’ဟု ကိုလွင်လတ်က ပြောပြ သည်။
ယခုအခါ မြောက်ဒဂုံတစ် နေရာတွင် စကိတ်ကွင်းလေးတစ် ခုရှိသော်လည်း အဆိုပါကွင်းက ကျဉ်းလွန်းသည့်အတွက် အဆင် မပြေနိုင်ပေ။ မကွေးမြို့တွင် စကိတ်ကွင်းတစ်ခုတည်ဆောက် ထားရှိသော်လည်း ပြိုင်ပွဲများသွား ရောက်ကျင်းပရန်သာ အခြေ အနေရှိနေသည်။
မြန်မာစကိတ်လူငယ်များက တော့ နိုင်ငံတကာအထိ ဝင်ဆံ့နိုင် စေရန် ဤအားကစားအပေါ် မျှော်လင့် ထားကြသည်။ နိုင်ငံ တကာပြိုင်ပွဲအချို့က မြန်မာ စကိတ်လူငယ်တို့ကို ဖိတ်ခေါ်ခြင်း များရှိသော်လည်း မသွားရောက် ဖြစ်ကြသေးပေ။ တရုတ်နိုင်ငံပြိုင် ပွဲတစ်ခုက ခေါ်ယူစဉ် စရိတ် ကြောင့် မသွားရောက်နိုင်ခဲ့ခြင်း လည်း ရှိသည်။
‘‘လေးကြိမ်မြောက် အာရှ သဲသောင်ပြင်အားကစားပြိုင်ပွဲကို ဖိတ်ထားတယ်။ ကျွန်တော်တို့က သွားဖို့အသင့်ဖြစ်နေပြီ။ ကိုယ့် စရိတ်နဲ့ကိုယ်သွားမယ်။ ဒါပေမဲ့ အားကစားဝန်ကြီးဌာနက ဘာမ အကြောင်းမပြန်ဘူး’’ဟု ကိုလွင် လတ်က မချင့်မရဲပြောသည်။
ပြီးခဲ့သည့် ဒုတိယအကြိမ် မြောက် MSA စကိတ်ပြိုင်ပွဲကို လသာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တွံတေး၊ ပဲခူး၊ ပုသိမ်တို့မှ စကိတ်စီးလူငယ်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ လာမည့် မန္တလေးတွင်ပြုလုပ်မည့် ပြိုင်ပွဲတွင်လည်း မိန်းကလေး များ ပါဝင်ယှဉ်ပြိုင်နိုင်ရန်စီစဉ် လေ့ကျင့်နေကြသည်ကို တွေ့ရ သည်။
မိမိတို့ရပ်ကွက်၊ မိမိနေအိမ်၊ မိမိကျောင်း စသဖြင့် နီးစပ်ရာ တွင် အဖွဲ့ငယ်လေးများစုဖွဲ့၍ စကိတ်စီးနေကြသည့် လူငယ် လေးများက MSA အဖွဲ့အစည်း သို့ ပူးပေါင်းဝင်ရောက်လာကြ သည်။ တစ်နေရာချင်းစီမှ အချင်း ချင်းမသိဘဲ လာရောက်ကြသူများ က တဖြည်းဖြည်းရင်းနှီးမှုခိုင်မြဲ လာကာ ငယ်ပေါင်းသဖွယ်၊ မိသားစုသဖွယ်၊ ညီအစ်ကိုမောင် နှမအရင်းသဖွယ် ရင်းနှီးလာခဲ့ကြ သည်။ စကိတ်စီးသူများအကြား စည်းလုံးမှုကြီးတစ်ရပ်လည်း ဖြစ်ထွန်းလာသည်။ MSA ဦးစီး သူတို့ကလည်း လူငယ်များကို လိုအပ်သည့်ပစ္စည်းနှင့် ငွေကြေး ကို မိမိတို့အိတ်ထဲမှ စိုက်ထုတ် ကာ ကူညီပံ့ပိုးပေးလျက်ရှိသည်။
သူတို့၏ မျှော်မှန်းချက်က မြန်မာနိုင်ငံတွင် စကိတ်အား ကစားနည်းတစ်ရပ်ဖြစ်ထွန်းလာ စေရန်ပင်ဖြစ် သည်။ ‘‘ကျွန်တော် တို့မှမလုပ်ရင် ဒီစကိတ်အားကစား နည်းက မြန်မာနိုင်ငံမှာ သေဆုံး သွားတော့မှာ’’ဟု ကိုသစ်က သူ၏အယူအဆကို ပြောသည်။ အောင်မြင်လိမ့်မည်ဟုလည်း သူ ကမျှော်လင့်ထားသည်။ အောင် မြင်စေရန်လည်း သူတို့က ကြိုး စားနေကြသည်။
ပျော်စရာကောင်းသည့် အားကစားတစ်ခု၊ အဖွဲ့အစည်း နှင့် နေထိုင်တတ်သည့် အား ကစားတစ်ခု၊ အချင်းချင်းအပြန် အလှန်လေးစားမှုရှိစေသည့် အား ကစားတစ်ခု၊ ကျန်းမာရေးအရ ကောင်းမွန်သည့် အားကစားတစ် ခု၊ လူငယ်တို့လမ်းမှားမရောက် စေရန် ထိန်းကျောင်းပေးနိုင်သည့် အားကစားတစ်ခု။ အဆိုပါအား ကစားတစ်ခုကို နိုင်ငံတော်က ထောက်ပံ့မှုပေးအပ်ရန်လိုအပ် နေသည်။ ကစားကွင်းပျောက်ဆုံး နေသည့် လူငယ်တို့အတွက် စဉ်း စားပေးရန် လိုအပ်နေသည်။

7 Day News Journals

No comments:

Post a Comment