Saturday, May 31, 2014

ဖယ်ခုံမြို့တွင် ငွေစက္ကူ အတုသုံးစွဲသူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့ လွယ်ပေါကျေးရွာ၌ မေ ၂၇ ရက် နံနက် ၁၁ နာရီက ငွေစက္ကူအတုများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာနေ ဦးစိုင်းခမ်းဦး(ဘ) ဦးလှိုင် ဈေးရောင်းသူ၏ ဈေးဆိုင်သို့ ငွေ စက္ကူ အတုဟု ယူဆရသော ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ ငါးရွက်ဖြင့် လူတစ်ဦး ဈေးလာဝယ်ကြောင်း သတင်းပေးချက်အရ သွားရောက် စစ်ဆေးရာ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတုဟု ယူဆရသော ငွေစက္ကူ
ငါးရွက်ကို ဦးစိုင်းခမ်းဦးထံမှ သိမ်းဆည်း ရမိခဲ့ပြီး ဦးစိုင်းခမ်းဦး၏ ထွက်ဆိုချက်အရ ၎င်းဆိုင်မှ မြေသြဇာများ ဝယ်ယူ ပေးချေရာတွင် ဖယ်ခုံမြို့နယ် ကာလကျေးရွာနေ မောင်ကျော် ၃၈နှစ် (ဘ) ဦးဝေက ၎င်းငွေစက္ကူ အတု ငါးရွက်ကို ရောနှော အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ချက် အရ မောင်ကျော်၏ နေအိမ်သို့ သွားရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ ၄၆ ရွက်၊ အစစ် ဟု ယူဆရသော ငွေစက္ကူလေးရွက် စုစုပေါင်း အရွက် ၅ဝ ကို သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် ငွေစက္ကူ အတုဟုသိလျက်သုံးစွဲသူ မောင်ကျော်ကို ဖယ်ခုံမြို့မ ရဲစခန်းက (ပ) ၁၅/၂ဝ၁၄၊ ပြစ်မှု ၄၈၉ -ခ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment