Saturday, May 31, 2014

လယ်/ဆည်၏ ပြည်ပချေးငွေ လွှတ်တော်ဆိုင်းငံ့ခြင်း တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌနှင့် ပညာရှင်များ ထောက်ခံ

ဖွံ့ဖြိုးမှုနောက်ကျသည့် ရခိုင်၊ ချင်းပြည်နယ်တို့ မပါဝင်ဘဲ နေပြည်တော်ကိုသာ ဗဟိုပြု ထားသော လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ပမှ ချေးငွေယူ၍ အကောင် အထည်ဖော်မည့် စီမံကိန်းများ နှင့် ပတ်သက်၍ လွှတ်တော်နယက,က အတည်ပြုမပေးခြင်းကိုထောက်ခံကြောင်း တောင်သူလယ်သမားအသင်းဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးပညာရှင်များက ပြောကြားသည်။

‘‘နေပြည်တော်ကိုပဲ အ လေးထားတာထက် တစ်နိုင်ငံလုံး အတွက်ပါစဉ်းစားပေးဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင် နောက်ဘ၀ နေပြည်တော်မှာပဲ လယ်သမား ဖြစ်ဖို့ ဆုတောင်းရမလိုဖြစ်နေ တယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆို သည်။

လယ်/ဆည် ၀န်ကြီးဌာန သည် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုး တက်မှုရန်ပုံငွေအဖွဲ့(IFAD) တို့ ထံမှ စိုက်ပျိုးရေးစီမံကိန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁၃၆ သန်းချေးယူရန် ပြည်ထောင် စုလွှတ်တော်သို့ တင်ပြသည်။

ပဲခူး၊ စစ်ကိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် နေပြည်တော် နယ်မြေတို့တွင် ရေသွင်းစိုက်ပျိုး မှုစနစ်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ထမှ အမေရိကန် ဒေါ်လာသန်း ၁၀၀ နှင့် နေပြည်တော်ဗဟိုပြု ဆောင်ရွက်မည့် ဆည်ရေ သောက်လယ်ယာမြေစနစ်ဖွံ့ဖြိုး ရေး၊ တိုးတက်ရေး စီမံကိန်းအတွက် IFAD မှ အမေရိကန် ဒေါ်လာ ၃၆သန်းချေးယူရန် ပြည် သူ့လွှတ်တော်သို့တင်ပြခဲ့သည်။

‘‘ဒီနိုင်ငံမှာ ဆည်ရေသောက် ဧရိယာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်ဧရိယာအားလုံးက မိုးရေပဲအားကိုးနေရတာ’’ဟု စိုက် ပျိုးရေးပညာရှင်ဒေါက်တာထွန်း ဝင်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် စီမံကိန်း များကို ၁၉၈၈ မှစတင်၍ဆောင် ရွက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဘတ် ဂျက် ၈၅ ရာခိုင်နှုန်းကိုအသုံးပြုနေ သည်။

ရေအရင်းအမြစ်အတွက် အသုံးပြုပမာဏမှာ ၅ ရာခိုင်နှုန်း သာရှိပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးသုတေသနအတွက် အသုံးပြုခဲ့သည်။

‘‘ရေတင် စီမံကိန်းတွေက ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတယ်’’ဟု ဒေါက်တာထွန်းဝင်းကဆိုသည်။

မြန်မာနိုင်ငံတွင် မိုးရေ သောက်ဧရိယာမှာ အများဆုံးဖြစ် ပြီး ဆည်ရေသောက်ဧရိယာနည်း ခြင်း၊ ဆည်တည်ဆောက်မှုများ မှာလည်း ခြစားမှုများရှိနေခြင်း ကြောင့် လွှတ်တော်မှ တားဆီး ခြင်းအပေါ် ထောက်ခံကြောင်း ၎င်းကပြောကြားသည်။

‘‘စီမံကိန်းနဲ့ ပတ်သက်ပြီး လာရှင်းပြရာမှာ စနစ်တကျ မရှင်းပြနိုင်ဘူး။ ကနဦးစီမံကိန်းက ဘယ်လိုအကျိုးရမယ်ဆိုတာကိုလည်း သေချာမရှင်းပြနိုင်ဘူး။ ဒါကြောင့် နယကကြီးက ဆိုင်းငံ့ထားဖို့ဆုံး ဖြတ်တာပါ’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိမ်းက ရှင်းပြသည်။

ထို့အပြင် လယ်/ဆည်က တင်ပြသော စီမံကိန်းများသည် အစိုးရ၏ စီမံကိန်းများဖြစ်သော ဘတ်ဂျက်စီမံကိန်းများတွင် မပါ ၀င်ဘဲ ကြားဖြတ်စီမံကိန်းများဖြစ် သဖြင့် လွှတ်တော်က စနစ်တကျ လေ့လာပြီးမှသာ အတည်ပြုပေး နိုင်မည်ဟု လွှတ်တော်ကိုယ်စား လှယ်များကပြောသည်။

လယ်/ဆည်ဝန်ကြီးဌာန၏ အဆိုပြုချက်များကို လွှတ်တော် ကိုယ်စားလှယ်များက မူအားဖြင့် သဘောတူသော်လည်း စီမံကိန်း လုပ်ငန်းများ စနစ်တကျ မရှင်း လင်းနိုင်ခြင်း၊ နေရာသတ်မှတ်မှု နှင့် ပတ်သက်၍ အငြင်းပွားဖွယ် များရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များကပြောကြားသည်။

‘‘ကိုယ်စီးတဲ့မြင်း အထီး လား၊ အမလား။ ကျွန်တော်တို့ ဆက်လုပ်ဖို့ တော်တော်ခက်မယ် လို့ ယူဆတယ်’’ ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်က ပြောကြားသည်။

လယ်/ဆည်ဝန်ကြီးဌာန သည် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကို တိုင်းဒေသကြီး သုံးခုတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ခုနစ်နှစ် စီမံချက်ဖြင့် ဆောင်ရွက်ရန် တင် ပြခဲ့ခြင်းဖြစ်သည်။

အစိုးရသည် နှစ်တို၊ နှစ်ရှည် စီမံချက်၊ စီမံကိန်းများကို ကြိုတင် ရေးဆွဲထားသင့်ပြီး ပြည်ပမှအကူ အညီများ ကမ်းလှမ်းလာလျှင် ချိတ်ဆက်ဆောင်ရွက်ရန် လွှတ် တော်က တိုက်တွန်းထားသည်။

ထို့အပြင်လယ်ယာကဏ္ဍ နှင့် ပတ်သက်၍ မိုးရာသီစိုက်ပျိုး စရိတ်ချေးပေးရန် ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံဗဟိုဘဏ် မှ ကျပ်ငွေ ၅၀၀ ဘီလီယံချေးယူ မှုကို လွှတ်တော်က မေလ ၂၈ ရက်တွင် အတည်ပြုပေးခဲ့သည်။

လယ်သမားများအားချေးငွေ ထုတ်ပေးရာတွင် ယခင်က တစ် နှစ်လျှင် စိုက်ပျိုးရာသီတစ်ရာသီ လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု နှစ်တွင် ငါးရာခိုင်နှုန်းသို့ လျှော့ချ ပေးကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်က ရှင်းပြသည်။

ပြည်ထောင်စုအစိုးရသည် မိုးသီးနှံစိုက်တောင်သူများအ တွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၉၈၃ ဒသမ ၅၇၇ ဘီလီ ယံထုတ်ချေးမှာဖြစ်ပြီး ဗဟိုဘဏ် မှ ၅၀၀ ဘီလီယံကျပ် ချေးယူ၍ မြန်မာက စီးပွားရေးဘဏ်မှ ကျန် ၅၀၀ ဘီလီယံကျပ်နီးပါးကို ရယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment