Friday, May 9, 2014

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လိုကြောင်း ဗြိတိန်သံအမတ်ကြီး ပြောကြား

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များ၏တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေး လိုပြီး ဆွေးနွေးရန်ဖိတ်ကြားလာပါက အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်က ပြောကြားလိုက်သည်။တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို/ကေအိုင်အေ၏ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ဂွမ်မော်ကအပစ်ရပ် ဆွေးနွေး မှုများတွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံကြီးများ ပါဝင်ရန် လိုအပ်ကြောင်း ပြော ကြားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လိုအခန်းကဏ္ဍပဲ ဖြစ်ဖြစ် ဗြိတိန်အနေနဲ့ ပါဝင်ဖို့အသင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရ တိုင်းရင်းသား နှစ် ဖက်လုံးက သဘောတူ လက်ခံဖို့တော့ လိုတယ်” ဟု ဗြိတိန်သံအမတ်ကြီးက ဆိုသည်။
သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ ဗြိတိန် အပါအဝင် ပြည်ပနိုင်ငံကြီးများ၏ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်နှင့် ထောက်ပံ့ ကူညီမှုများ ကို ကြိုဆိုသော်လည်း စားပွဲဝိုင်းတွင် တိုက်ရိုက်ပါဝင်မှုကို လက်ခံမည်မဟုတ်ကြောင်း The Voice သို့ ပြော ကြားသည်။“သူတို့လည်း မြောက်အိုင်ယာလန်မှာငြိမ်းချမ်းရေးလုပ်ခဲ့တာဆိုတော့ အကြံဉာဏ်ပေးရင် လက် ခံမှာပါ။ စားပွဲဝိုင်းမှာပါပြီး ခင်ဗျားကဒါလိုက်လျောလိုက်၊ ခင်ဗျားကဒါ လျှော့လိုက်လို့ အမိန့်ပေးမှာမျိုးတော့ လက်ခံနိုင်စရာ မရှိဘူး” ဟု ဦးရဲထွဋ်က မှတ်ချက်ပြုသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အမေရိ ကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော အင်အားကြီးနိုင်ငံများက တစ်နည်းနည်းဖြင့် ကြားဝင် ညှိနှိုင်းစေ လိုကြောင်း၊ အစိုးရက လက်မခံလျှင်လည်း နည်းလမ်းရှာ၍ ပါဝင်သင့်ကြောင်း ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဗိုလ်ချုပ်ဂွမ်မော်က တောင်းဆိုထားသည်။၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်သော ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအဖွဲ့ (NCCT) တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲများတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုလသမဂ္ဂတို့မှ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့သည်။သို့သော် KNU နယ်မြေ လော်ခီးလာစခန်းတွင် ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအဖွဲ့ NCCT နှင့် အစိုးရတို့ တွေ့ ဆုံပွဲတွင် ပြည်ပအဖွဲ့အစည်းများ တက်ရောက်ခဲ့ခြင်း မရှိပေ။
ဧပြီလဆန်းပိုင်းတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို အစပြု၍ဟု ဆိုကာ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အခြေအနေမှာ တင်းမာနေ ဆဲ ဖြစ်ကြောင်း ကချင်လူမှုအဖွဲ့အစည်း အချို့က ပြောဆိုထားပြီး မေလ ၁၃ ရက်နေ့တွင် အစိုးရနှင့် ကေ အိုင်အိုတို့ ပဋိပက္ခများအတွက် အဖြေရှာရန် မြစ်ကြီးနားတွင် ထပ်မံတွေ့ဆုံမည် ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ဆွေးနွေးလျက် ရှိပြီး ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သီးခြား အပစ်အခတ်ရပ်စဲရေး စာချုပ်များချုပ်ဆိုထားသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးနှင့် မူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။
The Voice Weekly

No comments:

Post a Comment