သီလဝါ အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးတည်ထောင်သူ ဂျပန်-မြန်မာ ကုမ္ပဏီက Purified ရေသန့်စက်ရုံ တည်ဆောက်၍ စက်ရုံများကို ရေလုံလောက်စွာ ပေးဝေသွားမည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သီလဝါ အထူးစီးပွားရေး ဇုန်တွင် လာရောက်ရင်းနှီး မြှုပ်နှံကြမည့် စက်ရုံတည်ထောင်သူများ အနေဖြင့် လျှပ်စစ်မီး အပြည့်အဝ ရရှိစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ထိုသို့ရေမီး အပြည့်အဝ ရရှိစေရေး အတွက် Detail Plan များ ဆောင်ရွက်ထားပြီး ရေမီးအပြည့်အဝ မပေးနိုင်ပါက စက်ရုံများကို လက်ခံနိုင် မည့် ပမာဏထက်ကျော်လွန် လက်ခံမည် မဟုတ်ကြောင်း သိရသည်။
ယင်းအတွက် အဓိကကျသော ရေမီးအပြည့်အဝ ရရှိရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တည်ဆောက်ခွင့်ပြုမည့် စက်ရုံများကို လာမည့်မေလအတွင်း အပြီးသတ် ရွေးချယ် သွား မည် ဖြစ်၍ ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင် လည်ပတ်နိုင်မည် ဖြစ်သည်။ သီလဝါ အထူးစီးပွားရေး ဇုန်ကို ဂျပန်-မြန်မာ ပုဂ္ဂလိကနှင့် အစိုးရ အဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်း ထားသည့် Myanmar Japan Thilawa Development Limited မှ ရင်းနှီးတည်ထောင် သွားမည် ဖြစ်ပြီး အဆိုပါ ဖက်စပ် ကုမ္ပဏီ တွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာများ ပါဝင်ကြောင်း သိရသည်။
မြန်မာဘက်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ၁ဝ ရာခိုင်နှုန်းနှင့် သီလဝါ အထူး စီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်တွင် ဆူမီတိုမီ ကုမ္ပဏီ၊ စီစူဘီရှိကုမ္ပဏီနှင့် မာရူဘီရှိ ကုမ္ပဏီသုံးခုမှ ဦးဆောင်သော MMS Thilawa Development Co.,Ltd. မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရကို ကိုယ်စားပြု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ (JICA) မှ ၁ဝ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment