Sunday, May 4, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂၀ ဦးကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်

မြန်မာနိုင်ငံ ၌ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး၌ ၀င်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ ထဲမှ အမှတ်အများဆုံး ဦးရေ ၂၀ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ အစီအစဉ် ဖြင့် ဂျပန်နိုင်ငံ သို့ သီတင်းတစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်း အစီအစဉ် ကို ဂျပန်သံရုံးမှ ဂျပန် - မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး လေ့လာရေး ခရီးအတွက် ရွေးချယ် ခံရသော ကျောင်းသား ကျောင်းသူ များ၏ စာရင်းကို သက်ဆိုင်ရာ မှ ၂၀၁၄ ခုနှစ် ဇူလိုင်လ ခန့်တွင် ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဂျပန်နိုင်ငံ သို့ လေ့လာရေး ခရီး စေလွှတ်ရန် ကျောင်းသား ကျောင်းသူ ၂၀ ဦးအား ရွေးချယ် ရာတွင် သိပ္ပံ ဘာသာတွဲမှ အမှတ် အများဆုံး ရရှိသူ ၁၅ ဦးနှင့် ၀ိဇ္ဇာ ဘာသာတွဲမှ အမှတ် အများဆုံး ရရှိသူ ၅ ဦး တို့ကို ပြည်နယ် နှင့် တိုင်းဒေသကြီး အားလုံးမှ ရွေးချယ် သွားရန် စီစဉ်ထားပြီး လိုအပ်ပါက လူတွေ့ စစ်ဆေးမှု ပြုလုပ်ကာ စိစစ် ရွေးချယ် သွားမည် ဖြစ်ကြောင်း ၊ အကြောင်း တစ်စုံတစ်ရာ ကြောင့် ပဏာမ ရွေးချယ်ခံ ရသူသများထဲမှ လေ့လာရေး ခရီးကို မလိုက်ဖြစ် သူများ ရှိပါက ၄င်းအောက် ဒုတိယ အမှတ်အများဆုံး ရရှိသူကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ဂျပန်သံရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
မြန်မာနိုင်ငံ မှ ပညာရေးစနစ် အဆင့်အတန်း မြင့်မား လာစေရန် ကူညီ ဆောင်ရွက် ပေးလျက် ရှိသော ဗြိတိသျှ နှင့် သြစတြေးလျ စသည့် နိုင်ငံများ နည်းတူ ဂျပန်နိုင်ငံ မှလည်း အစဉ်တစိုက် ပံ့ပိုး ကူညီ ဆောင်ရွက် ပေးလျက် ရှိရာတွင် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ ကို ဂျပန်နိုင်ငံ သို့ ပညာတော်သင် များ ခေါ်ယူ သင်ကြား ပို့ချပေးခြင်း ၊ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ JICA ကဲ့သို့သော အဖွဲ့အစည်း များမှ မြန်မာနိုင်ငံ က ကလေး သူငယ် ကျောင်းသား ကျောင်းသူ များအတွက် ပညာရေးပိုင်း ဆိုင်ရာ သင်ကြား နည်းစနစ် များနှင့် အကူအညီ အထောက်အပံ့ များ စီစဉ် ဆောင်ရွက် ပေးခြင်း စသည်တို့ကို လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရှိရသည်။ (ဆောင်းဦး)

The Myawady Daily

No comments:

Post a Comment