Wednesday, May 7, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ကြားဝင်ညှိနှိုင်းမည်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည် ဟု ပြောဆို ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ကြားဝင်စေ့စပ်ညှိနှိုင်းမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေး က ပြောကြားသည်။ လက်ရှိအပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲနေမှု အခြေအနေနှင့် ပတ်သက်ပြီး မေလ ၆ ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center- MPC) တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ၈၈မျိုးဆက် ကျောင်း သားများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ယင်းသို့ ဆောင်ရွက်ရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက MPC ၌ ပြောကြားသည်။ “ကျွန်တော်တို့ဘက်က တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အပိုင်းနဲ့ သူတို့ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အပြန်အလှန် ဆွေးနွေးဖြစ်ပါတယ်” ဟု ဦးမြအေးက ရှင်းပြသည်။ ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ပါဝင်သော ဝေါဟာရများနှင့် ပတ်သက်ပြီး တိုင်းရင်းသား တပ်ဖွဲ့များ၏ လိုလားချက် အချို့ကိုလည်း တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပြင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုများကို သံသယ ရှင်းလင်းစေရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။ “ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတာကို ရှင်းသွားစေချင်ပါတယ်။ နောက်ပြီး ပြန်လည် သင့်မြတ်ရေးအတွက် သူတို့ ပူးပေါင်း ပါဝင်မှုအားလည်း လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေး နေသော်လည်း ကချင်ပြည်နယ် အတွင်းရှိ KIA/KIO ထိန်းချုပ် ဒေသများတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသောကြောင့် ယင်းသို့ ဖြစ်ပွားမှုမျိုးကို ကြားဝင် စေ့စပ်ပေးမည့် အဖွဲ့အချို့ လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုလျက် ရှိသည်။
တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် KIA/KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် မေလ ၁၃ ရက်နေ့ မြစ်ကြီးနားတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment