Wednesday, May 21, 2014

CB ဘဏ်နှင့် ပတ်သက်၍ လက်တလောထွက်ပေါ်နေသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း တာဝန်ရှိသူများ ရှင်းလင်း

ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်နှင့် အွန်လိုင်းမီဒီယာအချို့တွင် CB ဘဏ်နှင့် ပတ်သက်၍ ရေး သားဖော်ပြထားမှု များမှာ မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းသည့် အခမ်းအနားတစ်ရပ်ကို မေ ၂၀ရက်က ရန်ကုန်မြို့ရှိ CB ဘဏ်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

CB ဘဏ်အား မူလပိုင်ရှင် ဦးခင်မောင်အေးထံမှ ယခင်အာရှဓနဘဏ်ပိုင်ရှင်ဖြစ်သူ ယခုရွှေတောင်အုပ်စုပိုင်ရှင် ဦးအိုက်ထွန်းက လျှို့ဝှက်စွာ ၀ယ်ယူထားသည့် သတင်းများထွက်ပေါ်နေသည့် အတွက် CB ဘဏ်တွင် အာမခံငွေအပ်နှံသူများမှ ယင်းတို့၏ အပ်နှံငွေများကို ပြန်လည်ထုတ်ယူနေကြောင်း
အွန်လိုင်းဆိုရှယ်မီဒီယာများတွင်ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း CB ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဘဏ်အနေနဲ့ ယခုဖော်ပြထားတာတွေ တစ်ခုမှမဟုတ်ပါဘူး။ ဘဏ်ကလည်း သူ့လုပ်ငန်းလမ်းကြောင်းအတိုင်း လုပ်နေပါတယ်။ ၀န်ဆောင်မှုတွေလည်း ပုံမှန်အတီုင်း ဆောင်ရွက်နေပါ တယ်။ ခုနကပြောသလို ငွေတွေလည်း အများကြီးပြန်ထုတ်တာ မရှိပါဘူး။ ဟိုလူဝယ်ထားတယ် ဒီလူဝယ်ထားတယ် ဒီထဲမှာ နာမည်တွေ အများကြီးပါပါတယ် အဲဒါလည်း တစ်ခုမှမဟုတ်ပါဘူး" ဟု အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ငွေကြေးပမာဏ အများအပြားလာရောက်ထုတ်ယူမှုမရှိဘဲ စီဘီဘဏ်အနေဖြင့် ပုံမှန်အတိုင်းသာ ဆောင်ရွက်နေကြောင်း၊ ပုံမှန်အားဖြင့် ဘဏ်တွင် ငွေထုတ်များသည့်နေ့များမှာ လစာထုတ်ရက်ဖြစ်သည့် ၁ရက်မှ ၅ရက်အတွင်း အတိုးသွင်းသည့်နေ့များတွင်သာ အများဆုံးဖြစ်ကြောင်း သိရသည်။

ဘဏ်တစ်ခုခိုင်မာဖိုအတွက် မတည်ရင်းနှီးငွေ၊ ဘဏ်၏ ပိုင်ဆိုင်မှု၊ ပေးရန် ရရန် တာဝန်များကို ဗဟိုဘဏ်က ကြီးကြပ်ပေးပြီး နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ထုတ်ထားတဲ့ စည်းမျည်းစည်းကမ်းများဖြင့် ဘဏ်တစ်ခု၏ ပေးရန်၊ ရရန် တာဝန်သတ်မှတ်ကြောင်း သိရသည်။

"နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ရွက်တာပါ သူကပေးရန်တာဝန် ရရန်တာဝန်ကို ၂၀ ရာခိုင်နှုန်းထားရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားတယ်။ အဲဒီအဓိပ္ပယ်က ဘာလဲဆိုရင် ငွေဖြစ်လွယ်မှုပါ။ ဆိုလိုတာက လုပ်သားပြည်သူက CB ဘဏ်မှာ ငွေအပ်ထားတယ် သူလာထုတ်ချင်ရင် အချိန်မရွေး အချိန်မှီပေးနိုင်အောင်လို့ ဖြစ်ပါတယ်။ CB ဘဏ်ကတော့ ၃၀ ရာခိုင်နှုန်းရှိနေတဲ့အတွက် ငွေဖြစ်လွယ်မှုမှာ အခိုင်အမာရှိနေတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမ၀ါယမဘဏ်လီမီးတက် (CB ဘဏ်)သည် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အများပြည်သူများသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းကို ၁၉၉၂ခုနှစ် သြဂုတ်လ ၂၁ရက်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးတွင် ဘဏ်ခွဲပေါင်း ၈၂ခုထိဖွင့်လှစ်ကာ ၀န်ဆောင်မှုများပေးနေကြောင်း သိရသည်။ အများပြည်သူများအနေဖြင့် မှန်ကန်တိကျသော သတင်းအချက်များကို သိရှိလိုပါက CB ဘဏ်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment