Friday, May 23, 2014

ရှမ်းတောင်တွင် RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့တွင် မေလ ပထမပတ်မှစ၍ RCSS/SSA အဖွဲ့မှ ဒေသခံများအား လူသစ်အဖြစ် စုဆောင်းလျက်ရှိရာ မေ ၁၉ ရက်နေ့တွင် မိုးနဲမြို့နယ်အတွင်း၌ လူသစ် စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ ရွာနဲ့တော့နီးတယ်၊ ထင်းခုတ်သွားကြတာပါ၊ တောထဲမှာ RCSS/SSA အဖွဲ့နဲ့တွေ့ပြီး ဖမ်းခေါ်သွားတယ် ဆိုတာပဲ သိရတယ်၊ ဒီနေ့အထိ ပြန်မလာသေးတော့ စိတ်ပူနေရတာပေါ့ ” ဟု အဖမ်းခံရ သူများနှင့် ဆွေမျိုး တော်စပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ဆည်မြောင်းကျေးရွာအနီး တောထဲ၌ ထင်းခုတ်နေသော ကိုထွန်းနိုင်၊ ကိုကြီးဘ၊ ကိုအေးစိုးတို့ ၃ ဦးအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ကုန်းလုံးအုပ်စု၊ ၀မ်ကန်ကျေးရွာမှ ရွာသား ၅ ဦးကိုလည်း မေ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် RCSS/SSA အဖွဲ့မှ အထုပ်အပိုးသယ်ရန်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ ပြန်လွတ်ခြင်း မရှိသေးကြောင်း ယင်းရွာခံများထံမှ သိရသည်။

“ ရွာလူကြီး အမိန့်နဲ့ အထုပ်အပိုးတွေ သယ်ဖို့ဆိုပြီး ရွာသား(၅)ယောက်ကို RCSS/SSA အဖွဲ့က ခေါ်သွား တယ်၊ ဒီနေ့အထိ ပြန်မလာသေးဘူး၊ လူသစ်စုသွားပြန်ပြီလို့ ပြောနေကြတာပဲ ” ဟု ၀မ်ကန်ရွာနေ ဦးစိုင်းလုံက ဆိုသည်။

RCSS/SSA အဖွဲ့သည် ခိုလမ်မြို့နယ်ခွဲ၊ ဟိုနောင်ကျေးရွာအုပ်စု၊ တာလိုင်းကျေးရွာနေ ပလောင်(၁၀) ဦးအား မေ ၁၆ ရက်နေ့တွင်လည်းကောင်း၊ ခိုလမ်မြို့နယ်ခွဲ ကျိုင်းတောင်အုပ်စု ၁၉ မိုင်ရွာသစ်မှ လားဟူတိုင်းရင်းသား (၉)ဦးအား မေ ၁၃ ရက်နေ့တွင်လည်းကောင်း လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းတွင် လူသစ်စုဆောင်း နေမှုများက ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ရာရောက်ကြောင်း လွိုင်လင်မြို့နယ် လွှတ်တော် အမတ်တစ်ဦးက ပြောကြားသွားခဲ့သည်။

Credit To:နန်းယွန်းသာ(တောင်ကြီး)

No comments:

Post a Comment