Tuesday, June 24, 2014

လူငယ်များ နည်းပညာဆွေးနွေးနိုင်မည့်နေရာနှင့် အခွင့်အလမ်းများ အစိုးရက ဖန်တီးပေးသင့်ကြောင်း အိုင်တီပညာရှင်များဆို

နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာများ၊ ဗဟုသုတများတိုးပွားလာရေးအတွက် လူငယ်များ နည်းပညာ ဆွေးနွေး ဖလှယ်နိုင်မည့် နေရာများနှင့် အခွင့်အလမ်းများကို အစိုးရအနေဖြင့် ဖန် တီးထောက်ပံ့ပေး ရန် များစွာလိုအပ်ကြောင်း ဇွန် ၂၁ ရက်နှင့် ၂၂ ရက်က ပြည်မြို့တွင် ပြုလုပ်သည့် နည်းပညာဆွေးနွေးပွဲ ဘားကမ့်တွင် တက်ရောက်လာသည့် အိုင်တီပညာရှင်အများစုက သုံးသပ်ပြော ကြားသည်။
လူငယ်များအတွက် အသိပညာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအသုံးပြုမှုများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်နိုင်သည်ဟု နည်းပညာနှင့် လူငယ်တိုးတက်ရေး စာအုပ် များ ရေးသားနေသည့် စာရေးဆရာ ဦးသန်းထိုက်(ရွှေရိပ်)က ဘားကမ့်(ပြည်)ဖွင့်ပွဲတွင် အမှာ စကား ပြောကြားခဲ့သည်။

၎င်းက “အစိုးရအနေနဲ့ လူငယ်နဲ့ ပြည်သူလူထုက နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် နေရာမျိုး၊ အခြေအနေမျိုးကို ဖန်တီးပေးသင့်တယ်။ နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် ဘားကမ့်လို ပွဲမျိုးကိုလည်း တစ်နိုင်ငံလုံးအနေနဲ့ နေရာဒေသတိုင်းမှာ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ လူငယ်တွေအနေနဲ့ နည်းပညာတွေကို အချင်းချင်းဆွေးနွေးဖလှယ်နိုင်ဖို့ ခေတ်နဲ့အညီလိုက်လျောညီထွေစွာ နည်းပညာတွေကို အသုံးချတတ်ဖို့ လိုအပ်နေပါပြီ”ဟု ပြောသည်။

လူငယ်များအနေဖြင့်လည်း လူနေမှုနယ်ပယ်တွင် အသုံးပြုမည့် နည်းပညာနှင့် အတတ်ပညာ၊ ဗဟုသု တ လေ့လာမှုများကို ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဘားကမ့်ဆွေးနွေးပွဲတွင် ဆက် လက် ဆွေးနွေးသည်။

နည်းပညာ အသုံးချမှုများစွာ တိုးတက်လာသော်လည်း ပြည်တွင်းရှိ လူငယ်နှင့် ပြည်သူလူထု အများစု အနေဖြင့် နည်းပညာကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးခြင်း၊ လုံခြုံရေးကိစ္စရပ်များအတွက် အသိပညာနှင့် နည်းပညာ ကျွမ်းဝင်မှု မရှိသေးဟုလည်း ကမ္ဘောဇဘဏ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဌာနမှ ဒုတိယအထွေထွေ မန်နေဂျာ ဦးသောင်းထိုက်ကျော်က ဘားကမ့်ပြည် ဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။

ဦးသောင်းထိုက်ကျော်က“ခုဆို မိုဘိုင်းဖုန်း၊ အွန်လိုင်းပေါ်ကနေ ဈေးဝယ်တာတွေ၊ ငွေ အသုံးပြုတာတွေ လုပ်တဲ့ e-Commerce ၀န်ဆောင်မှုတွေ အများကြီးကို အသုံးပြုလို့ရနေပြီ။ အွန်လိုင်းပေါ်ကနေ နည်းပညာ အသုံးချတဲ့ လုပ်ငန်းတွေလည်း အများကြီးပြုလုပ်လာကြပြီ။ ဒါပေမဲ့ ပြည်တွင်းမှာက ဒီလိုဝန်ဆောင်မှုတွေ နည်းပညာတွေကို အသုံးမပြုတတ်သေးတဲ့၊ မသိသေးတဲ့သူတွေ အများကြီးရှိနေတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ဘားကမ့်ပြည်သို့ တက်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ထက်အောင်ကလည်း “ကိုယ် မသိသေးတဲ့ နယ်ပယ်ကလည်း အသိပညာဗဟုသုတတွေ အများကြီးရတယ်။ လူငယ်တွေ အကုန်လုံး ကလည်း ခုမှတွေ့ပေမယ့် ရင်းရင်းနှီးနှီးနဲ့ သူတို့သိတဲ့ အသိပညာတွေ ဖလှယ်ပေးတယ်။ ဒီပွဲက ရလာတဲ့ အသိပညာနဲ့ နည်းပညာတွေကနေ ဘ၀မှာ အများကြီး အကျိုးရှိစွာ အသုံးချလို့ရတယ်”ဟု ပြောသည်။

ပြည်မြို့တွင် ပြုလုပ်သည့် ဘားကမ့်ပွဲသည် ယခင်နှစ်ထက် စိတ်ဝင်စားသူ ပိုမိုများပြားလာသည်ဟုလည်း ပွဲအုပ်ချုပ်သူက မဇ္ဈိမကို ပြောသည်။

နည်းပညာ၊ အသိပညာနှင့် ဗဟုသုတများကို ဆွေးနွေးသည့် ဘားကမ့်ပွဲများကို မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ရန်ကုန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကာ လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် လူငယ်များက ဦးဆောင်ပြုလုပ်လာကြပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment