လွှတ်တော်ကိုယ်စားလှယ်ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီသို့ တောင်းဆိုထားသော အနိမ့်ဆုံးလစာ သတ်မှတ်ရေးနှင့် အစိုးရဝန်ထမ်းများနည်းတူ တိုးမြှင့်လစာ မရရှိခြင်းကြောင့် ပျဉ်းမနားသကြားစက်ဝန်ထမ်းများမှ သက်ဆိုင်ရာသို့ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူးက ဆိုသည်။
၂ဝ၁၄ ခုနှစ် ဧပြီလတွင် နိုင်ငံတော်မှ အစိုးရဝန်ထမ်းများသို့ တိုးမြှင့်လစာအဖြစ် ကျပ် ၂ဝဝဝဝ တိုးမြှင့်ပေးခဲ့သော်လည်း ယုဇနကုမ္ပဏီမှ ပျဉ်းမနားသကြားစက် ဝန်ထမ်းများသို့ လက်ရှိအချိန်အထိ လစာတိုးမြှင့်ပေးခြင်း မရှိသေးကြောင်း၊ အစိုးရမှ ယုဇနကုမ္ပဏီသို့ လွှဲပြောင်းချိန်တွင် စာချုပ်ပါစည်းကမ်းအရ ဝန်ထမ်းများ၏ မူရင်းလစာစရိတ်ကို နိုင်ငံတော် အစိုးရ လစာနှုန်းထက် မနည်း ပေးရမည်ဖြစ်ကြောင်း၊ အပိုဆောင်းထောက်ပံ့ကြေးနှင့် သက်သာချောင်ချိရေးကို အငှားချထားခြင်းခံရသူ၏ ဆန္ဒအရ စီစဉ်ဆောင်ရွက်ပေးရန် ပါရှိကြောင်း သိရသည်။
“သူတို့က သိသိကြီးနဲ့ စာချုပ်ကို မလိုက်နာဘူး။ ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းနဲ့အညီ လစာတိုးပေးရန် တင်ပါတယ်။ ဒီနေ့အထိ သူတို့က အကြောင်းမပြန်ဘူး” ဟု အခြေခံအလုပ်သမားအဖွဲ့အစည်းမှ အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားခဲ့သည်။
ယုဇနကုမ္ပဏီအနေဖြင့် ပျဉ်းမနားသကြားစက်ဝန်ထမ်းများအား ကုမ္ပဏီမှစိုက်ပျိုးထားသော နဂါးမောက်စိုက်ခင်းများသို့ သွားရောက်လုပ်ကိုင်ရခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၏ ကြံခင်းများသို့ သွားရောက်လုပ်ကိုင်ရခြင်း၊ အစိုးရမှတာဝန်ယူ လုပ်ကိုင်ခဲ့သော အချိန်တွင် သကြားစက်အလုပ်အဖြစ်သာ လုပ်ကိုင်ရခြင်းသာရှိကြောင်း၊ ပျဉ်းမနားသကြားစက်ဝန်ထမ်းများမှာ အလုပ်သမားအခွင့်အရေးပိုင်းများကို ချိုးဖောက်ခံနေရကြောင်း အလုပ်သမားများထံက သိရသည်။
ပျဉ်းမနားသကြားစက်တွင် ၁၅ နှစ်ကြာ အလုပ်လုပ်ခဲ့သော ဦးသူရ “ယခင်အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်တုန်းက တိုးမြှင့်လစာဆိုလည်းရတယ်။ အခု ယုဇနကုမ္ပဏီကို လွှဲပြောင်းလိုက်ကတည်းက အလုပ်သမားအခွင့်အရေးလည်း မရဘူး။ လစာလည်း နိမ့်တဲ့အပြင် အစိုးရဝန်ထမ်းနည်းတူ တိုးမြှင့်လစာလည်း မရဘူး။လက်ရှိမှာဝန်ထမ်းတွေ စားဝတ်နေရေး အဆင်မပြေဘူး။ စာချုပ်ပါစည်းကမ်းနဲ့ မညီတဲ့အပြင်ဝန်ထမ်းတွေကို စက်ရုံက ဖြေလျှော့ပေးတာမျိုးလည်း မရှိဘူး”ဟု ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment