Tuesday, June 10, 2014

စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့၊ ဇွန် ၉ ရက်တွင်ဆွေးနွေး အတည်ပြုလိုက်သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းပါ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြင်ဆင်ချက်တို့အပေါ် ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြစဉ် ပြစ်မှုပြစ် ဒဏ်များနှင့် ပတ်သက်ပြီး စနစ်ဟောင်းကို မှီတွယ်ပြီးဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်နိုင်မည်မဟုတ်ကြောင်း သူရဦးရွှေမန်းက ဝေဖန်ပြောကြား လိုက်သည်။

“အလုပ်သမားလည်း နိုင်ငံသားပဲ၊ အလုပ်ရှင်လည်း နိုင်ငံသားပဲ၊ သူတို့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းရတာ၊ ဒီနေ့လုပ်ငန်းရှင်တွေထဲမှာလည်း သာမန်လူတွေပါတယ်။ FDI နဲ့ လာမယ့် လုပ်ငန်းရှင်တွေအတွက်လည်း အလုပ်သမားပဋိပက္ခ ဖြေရှင်း ရာမှာ ထောင်ဒဏ်တွေ ပါနေတယ်ဆိုရင် သူတို့ဘယ်လိုဖြစ်သွားမလဲ၊။ နောက်တစ်ခါ အာဏာကို ကျင့်သုံးတယ်ဆိုတာ မကောင်း၊ မိမိတို့ ဘယ်စနစ်ကိုသွားနေလဲဆိုတာ ကြည့်ဖို့လိုတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ (၄၆)၊ (၄၇)၊ (၄၈) နှင့် ၄၈ (က) တို့တွင် အစိုးရ၀န်ကြီးဌာန ပြင် ဆင်ချက်အရထောင်ဒဏ် သုံးလ၊ ခြောက်လ၊ ခြောက်လ နှင့် တစ်နှစ်ဟူ၍ ပါရှိခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တို့ကကန့်ကွက် ဆွေးနွေးကြအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ရပ်တည်လျက်အစိုးရအဖွဲ့အား ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထောင်ချမယ်ဆိုတော့မှ ဥပဒေကိုလေးစားလိုက်နာမယ်ဆိုတဲ့ အတွေးအမြင်ရှိရင် ကျွန်တော်တို့ လူမျိုးတွေ ဘယ်အဆင့်ကို ရောက်သွားမလဲ၊ ရာဇ၀တ်မှုမှာကျင့်သုံးရမယ့် ကိစ္စတွေကို တရားမမှုမှာမကျင့်သုံး သင့်ဘူး ” ဟု လည်း ၎င်းကထောက်ပြသည်။

အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၄၆ မှ ၄၈(က)အထိတွင် မူလပြင်ဆင်သည့် ဥပဒေကြမ်း၌ ၀န်ကြီးဌာနက သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေနှင့် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ” ဟူသည့် စာသားများကို ဖြည့်စွက်လိုက် ခြင်းအပေါ်အလုံမဲဆန္ဒနယ် ပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ထောင်ဒဏ်များကို ဖြုတ်ပစ်ကာ ငွေဒဏ်များဖြင့် တိုး မြှင့်ပြင်ဆင်ခဲ့သည်။

ဤသို့ ထောင်ဒဏ်များဖြုတ်ပစ်ခြင်းကို ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ပြီးခဲ့တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာလဲ ထောင် ဒဏ်တွေ လျှော့ချ ပေး ခြင်း အားဖြင့် အဲဒီအသင်းအဖွဲ့တွေဟာ ပိုပြီးအကျိုးပြုလာနိုင်တာ၊ ဖွံ့ဖြိုးမှုပိုများ လာတာတွေ့ရပါတယ်။ ဒီဥပဒေမှာ ထောင်ဒဏ်တွေထည့်ခြင်းဟာ အလုပ်ရှင်တွေထောင်ကျ၊ လုပ်ငန်းတွေပိတ်၊ FDI တွေလည်း အ၀င်နည်း၊ အလုပ်လက်မဲ့နှုန်းတွေလည်း ပိုများလာနိုင်တဲ့ အတွက် ထောင်ဒဏ်တွေ ကို ရုပ်သိမ်း သင့်ပါ တယ်” ဟု ထောက်ခံဆွေးနွေးခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် အဆိုပါထောင်ဒဏ်များ ထည့်သွင်းရခြင်းနှင့်ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးထင်အောင် က “အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံး ဟာ ချမှတ်ထားတဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းကြပါတယ်။ ဒီတော့ လေးစားလိုက်နာစေလို တဲ့အတွက် ပြစ်ဒဏ်နှစ်ရပ်ကို သတ်မှတ်လိုခြင်းသာဖြစ်ပါတယ်” ဟု လွှတ်တော်ကို တင်ပြခဲ့သည်။

သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ထောက်ပြ ခဲ့ခြင်း၊ ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ထောင်ဒဏ်များ ပယ်ဖျက်ကာ ငွေဒဏ် ကိုသာ တိုးမြှင့် ထားသင့်ကြောင်း အခိုင်အမာ ရှင်းလင်းတင်ပြခဲ့ခြင်းတို့ကြောင့် အဆိုပါအလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင် ချက်များ ဖြစ်သော ထောင်ဒဏ်ဖြုတ် ချသည့်အတိုင်း အတည်ပြုနိုင် ခဲ့ကြသည်။


Mizzima

No comments:

Post a Comment