Monday, June 2, 2014

ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့်မြို့ခံတို့၏အသံ

ကားတင်သွင်းခွင့်မူဝါဒပြောင်းလဲ
အပြီး ၂ နှစ်ကျော်အကြာတွင် ပြည်ပမှ ကားစီးရေပေါင်း နှစ်သိန်းခွဲကျော်တင်သွင်းပြီးဖြစ်သည်ဟုဆိုပါသည်။ ထို ၂ နှစ်ခွဲကျော်ကာလအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုမှာလည်း ဆိုးသထက်ဆိုးလာပြီဖြစ်သည်။ ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ လမ်းပေါ်ယဉ်ကျေးမှုအားနည်းခဲ့သည့် ယာဉ်မောင်းများ၊ စနစ်တကျမရှိသည့် ရန်ကုန်မြို့မှ လမ်းများ၊ ကားရပ်နားစရာ ထည့်သွင်းတည်ဆောက်ခြင်းမရှိသည့် ရန်ကုန်မြို့ပြအဆောက်အအုံတည်ဆောက်မှု အားနည်းချက်၊ ယာဉ်ထိန်းအရေအတွက် မလုံလောက်မှုစသည်တို့ကြောင့် ရှစ်သန်းနီးပါးရှိ ရန်ကုန်လူထုမှာ လမ်းမများပေါ်တွင် ၎င်းတို့၏ တန်ဖိုးရှိသော အချိန်များ ပျောက်ဆုံးနေကြရသည်။ ရန်ကုန်မြို့ခံ၊ ယာဉ်မောင်း၊ ယာဉ်ထိန်းနှင့် ပညာရှင်တို့အသံကို ယနေ့နားထောင်ကြည့်နိုင်ရန်ဖော်ပြလိုက်ပါသည်။

တပ်ကြပ်ခင်မြင့်မောင်

ယာဉ်ထိန်းရဲ

ယာဉ်လမ်းပိတ်ဆို့မှုတွေကို ယာဉ်ကြောရှင်းလင်းရင်းနဲ့ စိတ်ရှည် သည်းခံပြီးတော့ လုပ်ပေးနေတယ်။ ယာဉ်ကြောပိတ်ဆို့တာက အဓိက က လမ်းဘေးမှာရပ်တဲ့ ကားတွေကြောင့်လို့ ထင်တယ်။ လမ်းဘေးမှာ ကားတွေက အကြာကြီးရပ်နေရင်တော့ လမ်းပိတ်မှာပဲ။ အဲဒါကြောင့် လမ်းဘေးမှာ မရပ်ဘဲနဲ့ ခဏပဲရပ်ပြီး ထွက်ကြမယ်ဆိုရင် လမ်းပိတ်စရာ အကြောင်းမရှိဘူးထင်တယ်။ ယာဉ်ကြောမပိတ်အောင်က ပြည်သူတွေ၊ ကားမောင်းတဲ့လူတွေနဲ့ အများကြီးဆိုင်တယ်။ ကျွန်တော်တို့အနေနဲ့က အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးနေတယ်။ သူတို့တွေအနေနဲ့ စည်းမဲ့ ကမ်းမဲ့ မမောင်းဘဲနဲ့ စည်းကမ်းတကျ မောင်းကြမယ်ဆိုရင် ဘာပဲဖြစ် ဖြစ် ယာဉ်ကြောက ကျပ်တာထက်စာရင် နည်းနည်းသက်သာလာမယ်လို့ ထင်တယ်။ ဒီလိုမျိုးပိတ်နေတယ်ဆိုတာကလည်း သိတဲ့အတိုင်းပဲ စည်း မဲ့ကမ်းမဲ့ မောင်းလို့ပဲ ပြောရမယ်။ သတ်မှတ်နှုန်းထားအတိုင်း သတ်မှတ် တဲ့စည်းကမ်းအတိုင်း မောင်းမယ်ဆိုရင် ဘာမှဖြစ်စရာ အကြောင်းမရှိ ဘူး။

ကိုမြင့်ထွန်း

ဒီဇိုင်နာ၊ ဒလမြို့နယ်

ရုံးကလူကြီးကခိုင်းလို့ အချိန်နဲ့တစ်ပြေးညီ လုပ်ရရင် အရမ်းအခက် အခဲဖြစ်ပါတယ်။ ဟိုနေ့ကဆို ပန်းဆိုးတန်းအောက်လမ်းကနေ ၃၃ လမ်း ကို မြန်ချင်လို့ တက္ကစီကို ၂၀၀၀ ပေးပြီး ငှားသွားတာ။ လမ်းပိတ်တာနဲ့ ပိုဆိုးသွားတယ်။ ကိုယ့်ဘာသာလမ်းလျှောက်ရင်တောင် ရောက်နေပြီ။ မီးပွိုင့်တွေ တစ်ပွိုင့်ပြီးတစ်ပွိုင့် ပိတ်နေတာ။ ယာဉ်ကြောပိတ်တာ စည်း ကမ်းမရှိ ကားပါကင်တွေ ထိုးတာ နောက် မိုးတွင်းဘက်က ရန်ကုန်မြို့ ထဲ ရေလျှံတဲ့ အချိန်ဆို ပိုဆိုးတယ်။ နောက်ဆို တစ်နာရီလောက်ကွာ သွားရမှာ။ ဒါပေမဲ့ ကိုယ်က လူကြီးခိုင်းတဲ့အချိန် ချက်ချင်းသွားရတော့ ဒုက္ခရောက်တယ်။ လမ်းဘေးဈေးသည်တွေကလည်း သတ်မှတ်ထားတဲ့ အချိန်မှာပဲ ရောင်းစေချင်တယ်။ အကုန်လုံးစည်းကမ်းအတိုင်း ကားဆို ကား၊ လမ်းလျှောက်တဲ့သူပဲဖြစ်ဖြစ် ဈေးသည်ပဲဖြစ်ဖြစ် စည်းကမ်းရှိရှိ လိုက်နာရင် ယာဉ်ကြောကျပ်တာ လျော့သွားမှာ။

ကိုသန်းဇော်

တက္ကစီယာဉ်မောင်း၊ လှိုင်သာယာ

မနက်ပိုင်းဆိုရင် ကားက တော်တော်လေးပိတ်တယ်။ လမ်းကြောင်း တစ်ခုသွားလိုက်ရင် မိနစ်နှစ်ဆယ်လောက်က မလိုဘဲနဲ့ ကြာနေတယ်။ မနက် ၈ နာရီလောက်ကနေ ည ၈ နာရီလောက်အထိ တက္ကစီဆွဲတယ်။ အဲဒီထဲက တကယ်တမ်းဆွဲရတာက တစ်ရက်ကို ၅ နာရီလောက်ပဲ ရှိ တယ်။ ကျန်တဲ့အချိန်တွေက ကားပိတ်နေရတာနဲ့ ကြာနေတယ်။ တစ် ရက်ကို ပျမ်းမျှ ၀င်ငွေ တစ်သောင်းလောက်ပဲ ရတယ်။ ယာဉ်ကြောပိတ် ရင်းနဲ့ပဲ အချိန်က သူ့အလိုလို ကုန်သွားတာများတယ်။ ယာဉ်ကြောပိတ် တာကို ဖြေရှင်းတယ်ဆိုပေမယ့်လည်း တကယ်ထိထိရောက်ရောက်မှ မလုပ်ကြတာ။ ဒီနေ့လုပ်လိုက်ပြီးရင် နောက်နေ့ဆိုရင် မလုပ်ကြတော့ ဘူး။ ဟံသာဝတီပွဲစားတန်းမှာဆိုရင်လည်း ယာဉ်ထိန်းရဲလာတဲ့အချိန်ပဲ ရှင်းတယ်။ ကျန်တဲ့အချိန်ဆိုရင် အမြဲတမ်း လမ်းကပိတ်နေတယ်။ ပုံမှန် ဘယ်နားကိုတော့ လမ်းရှင်းရမယ်ဆိုပြီး သတ်မှတ်ထားရင်တော့ လမ်း ရှင်းသွားနိုင်ပါတယ်။

ကာတွန်းမောင်တင်ယု

သာကေတ

ခရီးတစ်ခုသွားမယ်ဆိုရင် အရင်ကလို မဟုတ်တော့ဘူး။ လမ်း ကြောင်းပေါ်မူတည်ပြီးတော့ လမ်းကြောကျပ်တဲ့နေရာတွေဆို ကြိုထွက် ရတယ်။ အခုဆို မသွားမဖြစ် ကိစ္စတွေရှိမှ သွားဖြစ်တော့တယ်။ သာကေ တမှာ နေတာဆိုတော့ တပ်ဖွဲ့မှတ်တိုင်မှာ ပိတ်တယ်။ တံတားနားမှာ ပိတ်တယ်။ ကိုယ်အလုပ်ရှိတဲ့နေရာကလည်း မဝေးတော့ အရင်ကဆို မိနစ် ၂၀ လောက် သွားရတာ။ အခုဆို နာရီဝက်လောက်ကြာတယ်။ လိုင်းကားတော်တော်များများက စည်းကမ်းမရှိဘူး။ စည်းကမ်းမဲ့တဲ့အ တွက် ကျန်တဲ့သူတွေမှာ ပိတ်ဆို့မှုတွေဖြစ်နေတယ်။ ယာဉ်ထိန်းရဲရှိရင် တော့ နည်းနည်းငြိမ်တယ်။ မရှိရင်တော့ အတင်းကျော်တက်တာတွေ လုပ်တယ်။ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ယာဉ်ထိန်းရဲရှိစေချင်တယ်။ ကားသမားတွေ စည်းကမ်းရှိစေချင်တယ်။

ဦးဇော်မင်းဦး

၂၁၀ ယာဉ်လိုင်းမှ ဂိတ်မှူး

အဓိကက ယာဉ်သွားရမယ့် လမ်းဘေးတစ်လျှောက်မှာ လမ်းတင် ရပ်တာတွေ၊ နှစ်စီးထပ်ရပ်တာတွေ၊ လမ်းဘေးဈေးသည်တွေကြောင့် လို့မြင်တယ်။ ယာဉ်မရပ်ရလို့ နိုင်ငံတော်က သတ်မှတ်ထားပေမယ့် လမ်း ဘေးမှာ ကားတွေကို ဆယ့်နှစ်ရာသီရပ်ထားတယ်။ ယာဉ်လမ်းကြော မပိတ်အောင်က အဓိကက ယာဉ်မောင်းတွေက သည်းခံစိတ်လေး ထား သင့်တယ်။ စက္ကန့် ၂၀၊ ၃၀ လောက်ကို ခဏလောက် ဦးစားပေးလိုက် ရင်ရတာကို ဦးစားမပေးဘဲ လစ်တာနဲ့ နည်းနည်းလေးတိုးလိုက်တော့ လမ်းတွေ သူသွားမရ၊ ကိုယ်သွားမရနဲ့ အချိန်တွေက မကြာသင့်ဘဲ ကြာ ကုန်တာ။ ယာဉ်ကြောပိတ်တဲ့အတွက် ခါတိုင်းဆို ငါးခေါက်ရတာကနေ အခုဆို ပြေးဆွဲရတာ လေးခေါက်နဲ့တင် ပြီးနေတယ်။ လမ်းမှာ စက်နှိုး ထားရတော့ လမ်းကပိတ် စီအင်န်ဂျီတွေကကုန်၊ အချိန်ကုန်သွားရော။ ခရီးသည်ကလည်း လိုရာမရောက်ဘူး။ ဘယ်သူမှ အကျိုးမရှိပါဘူး။ ယာဉ်မောင်းတွေကို စည်းကမ်း စနစ်တကျမောင်းဖို့ရယ်၊ ယာဉ်မရပ်ရ လမ်းတွေမှာ လမ်းဘေးမှာရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေ၊ စီးပွားရေးလုပ် ငန်းသုံးကားတွေ၊ တက္ကစီတွေ၊ ဈေးသည်တွေ ဒါတွေကို ရှင်းလင်းဖို့ လိုတယ်။ ယာဉ်မောင်းတွေ လမ်းစည်းကမ်းအတိုင်း မောင်းနိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးသင့်တယ်လို့ ထင် တယ်။

ကိုဇော်ကြီး

တက္ကစီယာဉ်မောင်း

တစ်ရက်ကို လေးနာရီလောက်က လမ်းပေါ်မှာပဲ ယာဉ်ကြောပိတ် လို့ မလိုအပ်ဘဲ အချိန်တွေကုန်နေတာက များနေတယ်။ အဲဒီအချိန်အ တွင်းမှာ အနည်းဆုံးတစ်ယောက်လောက် နစ်နာသွားတယ်လေ။ ယာဉ် မရပ်ရတဲ့နေရာမှာလည်း မရပ်ခိုင်းဖို့ လိုအပ်တယ်။ ကားပွဲစားတန်းဆို ရင်လည်း ဖြူနီကျားလုပ်ထားပေမယ့် ကားတွေက ရပ်ထားတယ်။ ဘယ် ရဲမှလည်း လာမဖမ်းဘူး။ အဲဒါကြောင့် ကားတွေက နှစ်ထပ်တွေရပ်တော့ သွားစရာလမ်းက သိပ်မရှိတော့ဘူး။ အစိုးရကလည်း လုပ်တော့ လုပ်နေ ပါတယ်။ အချိန်ကတော့ ယူရမှာပေါ့။ ဒါပေမဲ့ နှစ်ထပ်လမ်းတွေက လို အပ်နေတယ်။ စည်းကမ်းမလိုက်နာတဲ့ဟာတွေက များနေတယ်။ ကိုယ် က ရပ်ပေးလိုက်ရင်လည်း ကားတွေက တစ်စီးပြီးတစ်စီး ကျော်တက် သွားရော။

မရည်မွန်

ခရီးသွားကုမ္ပဏီဝန်ထမ်း၊ ကျောက်မြောင်း

ကားကတော့ အရင်ကထက် ကျပ်တယ်။ ရွှေဂုံတိုင်တို့ ပြည်လမ်း တို့ဆို ပိုဆိုးတာပေါ့နော်။ ယာဉ်ကြောကျပ်တော့ အလုပ်သွားတော့ အ လုပ်ချိန် နောက်ကျတာတို့၊ ချိန်းထားရင် ချိန်းထားတဲ့အချိန် မရောက် တာတို့တော့ ကြုံရတယ်။ နောက်ရာသီဥတုက ပူတော့ ချွေးကထွက်၊ ယာဉ်ကြောကျပ်တာနဲ့ဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပုဇွန် တောင်ကနေ တာမွေကိုစီးတာ များတယ်။ နာရီဝက်လောက်စီးရတာကို အခုဆို ၄၅၊ ၅၀ မိနစ်လောက် စီးရတယ်။ အိမ်ကနေ ကြိုထွက်ရတယ်။ ယာဉ်ကြောကျပ်တဲ့အပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုက မရှိဘူး ထင်တာပဲ။ မီးပွိုင့်တွေပျက်နေတဲ့အခါ ယာဉ်ထိန်းရဲက ရောက်မလာဘဲ ကားတွေက သွားချင်သလို သွားနေပြီးတော့မှ ယာဉ်ကြောပိတ်တာတွေ ဖြစ်နေတာမျိုးတွေလည်း တွေ့နေရတယ်။ အကြံပြုချင်တာကတော့ ယာဉ်စည်းကမ်းကို ပိုလုပ်ရမယ်ထင်တာပဲ။ ပလက်ဖောင်းပေါ် ဈေး ရောင်းတာတွေကြောင့် ပြည်သူတွေက လမ်းမပေါ် လမ်းလျှောက်ရ တယ်။ လမ်းဘေးမှာ ကားတွေရပ်ထားတယ်။ အဲဒီတော့ ယာဉ်ကြော တွေက နှစ်ထပ် သုံးထပ်တွေ ဖြစ်ကုန်ရော ပိုပြီးတော့ ပိတ်ဆို့တာတွေ ဖြစ်နေရတယ်။ သူ့စည်းကမ်းနဲ့သူ ဖြစ်အောင် အရင်ဖြေရှင်းသင့်တယ်လို့ ထင်တယ်။

ကိုစိုးသီဟ

တက္ကစီယာဉ်မောင်း၊ ကမာရွတ်မြို့နယ်

ယာဉ်ကြောပိတ်ဆို့မှုတွေဟာ အချိန်ကုန်တဲ့အပြင် ဆီလည်းပိုကုန် တဲ့အတွက် သိပ်ပြီး အဆင်မပြေဘူး။ တစ်ရက်ကို လေးနာရီလောက်က မလိုအပ်ဘဲနဲ့ အချိန်တွေကုန်နေတယ်။ အဲဒီအချိန်အတွင်းမှာ တစ် သောင်းလောက် ကျွန်တော်တို့အတွက် နစ်နာသွားတယ်။ ယာဉ်ကြော ပိတ်ဆို့မှုက မောင်းတဲ့လူတွေဘက်ကလည်း လိုသလို၊ လုပ်ပေးတဲ့ အစိုး ရဘက်ကလည်း လိုအပ်တယ်လေ။ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်း ထောင့်က မီးပွိုင့်ဆိုရင် လမ်းကျပ်လို့ မီးပွိုင့်တပ်တာပဲ။ ဒါပေမဲ့ ဘယ် တော့မှ မီးမလာဘူး။ အဲဒီတော့ ကားက ကျပ်မှာပဲ။ ညဘက်မှာဆိုရင် လည်း တချို့နေရာတွေမှာ လမ်းမီးတွေ အပြည့်မပေးတဲ့အတွက် ယာဉ် တိုက်မှုတွေဖြစ်တယ်။ အဲဒီတော့ ယာဉ်ကြောက ကျပ်တယ်။ မြို့ထဲက ရွှေဘုံသာလမ်းလို နေရာမျိုးမှာ ကားရပ်ချင်ရင် ကားပါကင်မရှိဘူး။ ည အိပ်ထားတဲ့ ကားတွေနဲ့ ပြည့်နေတယ်။ ဘေးကပ်ရပ်တော့ သူတို့က လာ ဆွဲတယ်။ အဲဒါတွေကိုတော့ သေချာလေး လုပ်ပေးစေချင်ပါတယ်။

ဦးသိန်းအောင်

တက္ကစီယာဉ်မောင်း၊ လှိုင်မြို့နယ်

ယာဉ်ကြောပိတ်တော့ အချိန်ကုန်ပြီး ပိုက်ဆံမရဘူး။ အဓိက မြေနီ ကုန်းမှာ ပိုပိတ်တယ်။ အချိန်မရွေး အဲဒီနေရာက ပိတ်တယ်။ ကိုယ်တွေ လိုပဲ အများလည်းဒီလိုပဲ ကြုံနေရတာ။ ဒီတော့ ညပိုင်း ၁၀ နာရီ၊ ၁၁ နာ ရီအထိ ဆွဲရတာပေါ့။ အုံနာတွေကလည်း နားလည်ပေးတယ်။ အခုအစိုး ရက ဖြေရှင်းနေပေမယ့်လည်း လိုအပ်ချက်တော့ ရှိဦးမှာပဲ။ စည်းကမ်းမဲ့ ယာဉ်တွေကလည်း စိတ်မရှည်တော့ လမ်းပြောင်းပြန်မောင်းတာတွေ။ အဲဒါတွေကလည်း ယာဉ်ကြောကျပ်တဲ့ထဲမှာ ပါတယ်။ ယာဉ်ကြောကျပ် တာ လျှော့ချင်ရင်တော့ ဘက်စ်ကားများများနဲ့ ရထားတို့ကို လုပ်သွားရင် လျော့သွားမယ်လို့ ထင်ပါတယ်။ အခု ယာဉ်ကြောကျပ်တော့ ညအထိ ဆွဲရတယ်။ လူပိုပင်ပန်းတာပေါ့။

ဦးရဲမင်း

၂၁၀ ယာဉ်လိုင်းမှ ယာဉ်မောင်း

ကားတွေပိတ်တဲ့အခါကျတော့ ကျွန်တော်တို့က အရင်တုန်းက အ ခေါက်ရေ ငါးခေါက်ရတာကနေ အခုဆို လေးခေါက်ကို တော်တော် လေးမောင်းရတယ်။ အခေါက်ရေလျော့သွားတော့ ၀င်ငွေအများကြီး လျော့သွားတယ်။ အရင်တုန်းက တစ်ခေါက်ကို သုံးနာရီခွဲလောက် ကြာ တာကနေ ခုဆို လေးနာရီခွဲလောက် ကြာသွားတယ်။ ကျွန်တော်တို့မှာ ဟိုးအရင်တုန်းက လိုင်းကားကြော သတ်မှတ်ထားတယ်။ အခုဟာက အရင်ထက်စာရင် ကားတွေကလည်း များလာတယ်။ နံပါတ်အနက်ရော၊ တက္ကစီရော များလာတယ်။ သူတို့က မောင်းချင်သလို မောင်းတဲ့အခါ ကျတော့ ယာဉ်ထိန်းရဲတွေလည်း ဖြေရှင်းဖို့က တော်တော်ခက်ခဲတဲ့ သ ဘောရှိတယ်။ ယာဉ်လမ်းကြောမပိတ်အောင် ညာဘက်ယာဉ်ကြောမှာ ဘယ်ယာဉ်မှ မရပ်ခိုင်းနဲ့။ တက္ကစီတွေကို အဓိကထားပြီး မရပ်ခိုင်းနဲ့။ ညာဘက်ကြောမှာ ခရီးသည်တင်လိုင်းကားတွေသာ ရပ်ခိုင်းမယ်ဆို တော်တော်လေး ရှင်းသွားမယ်။

ကိုတင်ဝင်းလှိုင်

မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်၊ အင်းစိန်မြို့နယ်

အရင်ကထက်စာရင် ပိုပြီးတော့ ကျပ်လာတာ အားလုံးအသိပဲ။ အထူးသဖြင့် လမ်းဆုံတွေမှာပေါ့။ ကိုယ်တို့ အင်းစိန်ပန်းခြံ လမ်းဆုံဆို တော်တော်ကျပ်တယ်။ မီးပွိုင့်တစ်ခုကို အရင်ကားတွေမများခင်တုန်း က စောင့်မယ်ဆိုရင် မိနစ် ၂၀၊ ၂၅ မိနစ်လောက်ပဲ။ အခုဆိုရင် နာရီ ၀က်၊ လေးဆယ့်ငါးမိနစ် စောင့်ရတယ်။ ကိုယ်တို့အင်းစိန်ဆိုရင် ကား ပိတ်ပြီဆိုရင် တော်တော်နဲ့မရှင်းဘူး။ လှိုင်သာယာဘက်က လာတဲ့ကား တွေလည်း ကျပ်တယ်၊ ဘုရင့်နောင်ဘက်က လာတာတွေနဲ့လည်း ပိတ် နေတယ်။ အဲဒီလိုကားတွေကျပ်တော့ ဘယ်သူတွေအခက်အခဲဖြစ်လဲ ဆိုတော့ အားလုံးပဲ အခက်အခဲဖြစ်တယ်။ ကိုယ်တို့မြန်မာနိုင်ငံတစ်နိုင်ငံ တည်းမှာ ကျပ်တာမဟုတ်ဘူး။ ကိုယ်စင်ကာပူမှာနေတုန်းကလည်း အဲဒီ မှာ ကျပ်တာပဲ။ သူတို့နိုင်ငံတွေဆိုရင် အဝေးပြေးလမ်းတွေမှာတောင် ကျပ်တယ်။ ဒါပေမဲ့ သူတို့က သွားရလာရတာ သက်သာတယ်။ ကား ကျပ်တာက ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတော့ အားလုံးပူး ပေါင်းပြီး လုပ်မှရမှာ။ ခုံးကျော်တံတားတွေ ဆောက်တာလည်း ရွှေဂုံ တိုင်တို့ဘာတို့ဆိုရင်တော့ အဆင်ပြေသွားပါတယ်။ အဓိကကတော့ စနစ်လေးလိုနေသေးတာကြောင့်ဖြစ်တယ်။ ဒါပေမဲ့ စည်းကမ်းရှိဖို့လည်း လိုမယ်။ ပြီးတော့ နောက်တစ်ခုက လမ်းဆုံတွေမှာ လူကူးခုံးကျော်တံတား လေးတွေ လုပ်ပေးသင့်တယ်။ မီးပွိုင့်မှာ မျဉ်းကျားရှိပေမယ့် လူတွေက ပွိုင့်စိမ်းနေရင် ကူးလို့မလွယ်ဘူး။ သူတို့အတွက်လည်း ခုံးကျော်တံတား လိုတယ်။

သော်သော်

ကုမ္ပဏီဝန်ထမ်း

တာမွေနဲ့မြေနီကုန်းကတော့ အဆိုးဆုံးပဲ။ မနက်ပိုင်းက အဆိုးဆုံး ပဲ။ ကားတွေအရမ်းပိတ်ရင်တော့ လမ်းဆင်းလျှောက်ဖြစ်တာ များတယ်။ ချိန်းထားလို့ သွားမယ်ဆိုရင်လည်း အနည်းဆုံးတစ်နာရီကျော်ကျော် လောက်ထွက်မှ အဆင်ပြေတယ်။ လမ်းတွေပိတ်လို့ တံတားတွေ လုပ် တာက မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းကသိကအောက် ဖြစ်ရ တာတွေလည်း ရှိတယ်။ အဓိကက မီးပွိုင့်တွေကို အချိန်တိတိကျကျနဲ့ သေသေချာချာလေး လုပ်စေချင်တယ်။ ခု မီးပွိုင့်တွေက သတ်မှတ်ထား တဲ့ အချိန်တွေက ဘာတွေမှန်းမသိဘူး။ မီးအချက်ပြတဲ့ အပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ထင်တယ်။

ညီညီထွန်း

ကုမ္ပဏီကားဒရိုင်ဘာ၊ ရွှေပြည်သာ

ကားတွေကျပ်တာက လမ်းမှန်မမောင်းတဲ့လူတွေကြောင့် ဖြစ်တာ လို့ ထင်တယ်။ တစ်နေရာရာ သွားမယ်ဆိုရင် လမ်းတွေပိတ်တော့ ကား ပေါ်မှာ အနည်းဆုံးနာရီဝက်လောက် အချိန်ပေးရတယ်။ ကိုယ်ချိန်းထား တဲ့ နေရာတစ်ခုကို သွားမယ်ဆိုရင် တစ်နာရီလောက်စောထွက်မှ အ ဆင်ပြေတယ်။ ခုနောက်ပိုင်း တံတားဆောက်ပေးတာက လမ်းကျပ်တာ နည်းနည်းတော့ ချောင်သွားတယ်လို့ ပြောလို့ရပါတယ်။

ကိုအောင်မျိုး

ယာဉ်မောင်း၊ ရွှေပြည်သာ

ယာဉ်ကြောကတော့ နေရာတကာကျပ်တာပဲ။ အခုကျတော့ အရင် ထက်ကားတွေကျပ်လာတော့ အရေးကြီးရင် တက္ကစီတို့ဘာတို့ ငှားပြီး သွားရတာ။ အခုနောက်ပိုင်းကတော့ နေရာတော်တော်များများ ကျပ် တာပဲ။ မီးပွိုင့်မရှိတဲ့ နေရာကျပြန်တော့လည်း ကျပ်တာပဲ။ နေရာဖယ် မပေးကြတာနဲ့။ အစိုးရအနေနဲ့က နေရာတကာမှာ မီးပွိုင့်တွေ ထားပေး ရင် အဆင်ပြေသွားမယ်လို့ မြင်ပါတယ်။

ကိုမင်းဦး

တက္ကစီယာဉ်မောင်း၊ တောင်ဥက္ကလာ

လမ်းတွေက မီးပွိုင့်တိုင်းလိုလို ပိတ်နေတယ်။ အဲဒါက စိတ်ညစ်ဖို့ ကောင်းတယ်။ လိုင်းကားတွေဆိုရင် ပိုဆိုးတယ်။ ကွေ့လမ်းတွေက လည်း ကျော်တက်လိုတက်နဲ့ သိပ်စည်းကမ်းမရှိဘူး။ တက္ကစီတွေဆိုရင် လည်း ကိုယ်လည်း မောင်းနေတာပါပဲ။ ဒါပေမဲ့ တချို့စည်းကမ်းမရှိကြ ဘူး။ မောင်းတဲ့လူတွေ စည်းကမ်းမရှိတာတွေကြောင့် ဘယ်လောက်ဖြေ ရှင်းနေပါစေ မရဘူးလေ။ တစ်နေရာနဲ့တစ်နေရာ သွားဖို့ဆိုရင် ကြိုတင် ပြီးတော့ သွားနေရတယ်။

7Day Daily

No comments:

Post a Comment