Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော အငြင်းပွားဖွယ် ကိစ္စများကို သက်ဆိုင်ရာ အစိုးရများက သံတမန် နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ပြောကြားထားသည့်အတွက် လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ပါက မလိုအပ်ဘဲ ပြဿနာကို အကျယ်ချဲ့မှုမျိုး ဖြစ်စေနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ပစ်ခတ် တိုက်ခိုက်မှုများ ကြုံတွေ့လာလျှင် စစ်၏ သဘောတရားအရ ချက်ခြင်း ပြန်တုံ့ပြန်ရလေ့ ရှိသော်လည်း ရခိုင်ပြည်နယ် နယ်ခြားစည်းမျဉ်းအနီး ဖြစ်ပွားသော ပြဿနာမှာ လုံခြုံရေးတပ်ဖွဲ့နှင့် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ (RSO) တို့အကြား ပြဿနာသာ ဖြစ်ကြောင်း၊ ပဋိပက္ခ အရိပ်အယောင်ကြောင့် တစ်ဖက်နိုင်ငံက စစ်ရေးအင်အား ထုတ်ဖော်ပြသမှုမျိုး ပြုလုပ်လျှင် မိမိနိုင်ငံကလည်း စစ်ရေးအင်အား ပြသရသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

နိုင်ငံတော်ကို ကျူးကျော် တိုက်ခိုက်ခြင်း ခံရလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်နှင့် ယင်းဆောင်ရွက်ချက်များကို လွှတ်တော်သို့ တင်ပြရန် လိုအပ်ပြီး စစ်ကြေညာခြင်း သို့မဟုတ် စစ်ပြေငြိမ်းခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည်။


The Voice Weekly

No comments:

Post a Comment