Sunday, June 22, 2014

ဂုဏ်ရည်အေးကျော် ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများဆောက်လုပ် လှူဒါန်းခြင်းကို ဖိလစ်ပိုင်အလှမယ်နှင့် အတူဆောင်ရွက်မည်

အလှမယ် ဂုဏ်ရည်အေးကျော် က သြဂုတ်လတွင် ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်များ လှုဒါန်းမည့် အစီအစဉ် ကို Miss International 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် နှင့်ပူးပေါင်း လုပ်ဆောင်မည်ဟု ဂုဏ်ရည်အေးကျော်က မဇ္ဈိမ ကို ပြောသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လတွင် ကျင်းပမည့် Miss Myanmar International 2014 ပြိုင်ပွဲကို ဖိလစ်ပိုင် အလှမယ်က ဒိုင်အဖြစ် ပါဝင် ရန် မြန်မာနိုင်ငံ ကို ရောက်ရှိနေချိန်၌ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

" အလှုငွေတွေ တော်တော်များများ လက်ထဲ ရောက်ရှိ နေပြီ။ Miss International 2013 မှာ သရဖူစောင်းသွားတဲ့ miss က မြန်မာပြည် လာပြီး ပွဲမှာ ဒိုင်အဖြစ် လုပ်ပေးမှာ ဆိုတော့ သူရှိတုန်းမှာ အဲကိစ္စကို အတူတူ လုပ်ဆောင် သွားမယ်။ ကချင်ပြည်နယ်ကို သွားလို့ ရရင်သွားမယ် ။ ကျောင်းဆောက်မယ့် အလှုငွေတွေ အကုန်လုံး အပ်သွားမှာပါ။ အစားအသောက်တွေ၊အဝတ်အထည်တွေထက်  ပညာရေးကို အဓိကထားပြီး ကူညီပေးတာကောင်းမယ်ထင်လို့ ကူညီကြမှာပါ" ဟု အလှမယ် ဂုဏ်ရည်အေးကျော်က ပြောပြသည်။

အလှမယ် ဂုဏ်ရည်အေးကျော်နှင့် ဖိလစ်ပိုင် အလှမယ်တို့သည် ကချင်ပြည်နယ်ဒေသအတွင်းရှိ နိုင်ငံရေးအခြေအနေကို ကြည့်ပြီး သွားရောက် မည်ဖြစ်ပြီး ယင်းဒေသအတွင်း အခြေနေ မငြိမ်မသက် ရှိပါက ကချင်ပြည်နယ်ဘက်က လူမှုအဖွဲ့အစည်းကို ခေါ်ပြီး ရန်ကုန်တွင် စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး လှူဒါန်းသွား မည်ဖြစ်သည်။

အလှမယ် ဂုဏ်ရည်အေးကျော်သည် ကချင်ပြည်နယ် မိုင်ဂျာရန် ဘွမ်စစ်ပါ ရှိ စစ်ပြေးရှောင် ကလေးများ အတွက် စာသင်ကျောင်း ကို ဆောက်လုပ် လှုဒါန်း မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးသည် အဓိက ကျနေခြင်းကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို စာသင်ကျောင်း လှုဒါန်းမည့် အစီအစဉ်ကို ဇွန်လတွင် လုပ်ဆောင်ရန် စီစဉ် ထားသော်လည်း Miss International 2013 ဆုရှင် ဖိလစ်ပိုင် အလှမယ်သည် သြဂုတ်လ မတိုင်ခင် မြန်မာပြည်ကို လာရောက်မည် ဖြစ်ခြင်းကြောင့် ရောက်ရှိချိန်တွင် လှုဒါန်းခြင်းက နိုင်ငံတကာ ဝက်ဆိုဒ်တွေ အထိ ပျံ့နှံ့သွားနိုင်ပြီး ကချင်ပြည်နယ်ကို လည်း နိုင်ငံတကာက ပိုပြီး စိတ်ဝင်စားမှုတွေ ရှိသွားမည်ဖြစ်သည်။

ယင်းအပြင် ပြည်ပ မီဒီယာများ၏ စိတ်ဝင်စားမှုကိုလည်း လိုချင်သောကြောင့်  နောက်ရွှေ့ပြီး လုပ်ဆောင် လိုက်ခြင်း ဖြစ်သည်။ ဖိလစ်ပိုင် အလှမယ်သည်  မြန်မာနိုင်ငံတွင် ငါးရက်ကြာ နေထိုင်သွားမည် ဖြစ်သည်။

အလှမယ် ဂုဏ်ရည်အေးကျော် သည်လက်ရှိတွင် Talk Show များကို ပြောဖြစ်နေပြီး အစီအစဉ် တင်ဆက်သူ အဖြစ်လည်း လုပ်ကိုင်နေ သူဖြစ်သည် ။ ၎င်းသည် စကားပြောရခြင်းကို အရမ်းကြိုက်သူ တစ်ဦးဖြစ်ခြင်း ကြောင့် MRTV-4 က ထုတ်လွှင့်သည့် Chit Chat အစီအစဉ်တွင် ပါဝင် ထားသည်။

ဂုဏ်ရည်အေးကျော်သည် သရုပ်ဆောင် တစ်ယောက်ထက် အခမ်းအနားမှုးကောင်း တစ်ယောက် ဖြစ်ချင်ခြင်းကြောင့် ဇာတ်ကား ကမ်းလှမ်းမှု ရှိလာပါကလည်း ပရိသတ်များကို အသိပညာ ပေးနိုင်မည့် ဇာတ်ကားမျိုးနှင့် အပြောင်းအလဲ တစ်ခုခု ပေးနိုင်မည့် ဇာတ်ကားမျိုးကို လက်ခံ ရိုက်ကူးမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment