Wednesday, June 4, 2014

အမိန့်နှင့် ညွှန်ကြားချက်များသည် ဥပဒေကို ကျော်လွန်နေ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေသည့် အဓိကအကြောင်း ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား

အမိန့်နှင့် ညွှန်ကြားချက်များသည် ဥပဒေကို ကျော်လွန်နေသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေသည့် အဓိကအကြောင်း ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးပြောကြားသည်။

ဇွန် ၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးလှဆွေက ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် နိုင်ငံသား၊ နိုင်ငံခြားသားပါဝင်မှု အချိုးသည် မူလဥပဒေ ပြဋ္ဌာန်း ချက်ထက် ကျော်လွန်နေသည့် အမိန့်နှင့် ညွှန်ကြားချက်များအား မည်ကဲ့သို့ ပြန်လည်ထုတ်ပြန်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဒီဥပဒေအတွက် လွှတ်တော်ထဲမှာ အသည်းအသန် မဲခွဲခဲ့ရတာပါ။ ကျွန်တော်တို့နိုင်ငံမှာ ၂၀ ပဲ ၀င်နိုင်တဲ့ လူတန်းစားက များတယ်။ ရာခိုင်နှုန်း ၅၁ ထည့်ဝင်နိုင်တာက လက်တစ်ဆုပ်စာပဲ ရှိတယ်။ ဒါကြောင့် ၂၀-၈၀ ဖြစ်ဖို့ မဲခွဲခဲ့ရတာ။ လွှတ်တော်က အတည်ပြုထားတယ်။ ဒါကို အမိန့်ညွှန်ကြားချက်မှာ ကျတော့ ၄၉-၅၁ ဖြစ်နေတယ်။ အမိန့်၊ ညွှန်ကြားချက်က ဥပဒေကို ကျော်သလို ဖြစ်နေတယ်။ ဒါမဖြစ်သင့်ဘူး။ ကျွန်တော်တို့ လွှတ်တော်က ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် အမိန့်၊ ညွှန်ကြားချက်ကတော့ ထွက်နေမှာပဲဆိုတဲ့သဘော ဖြစ်နေတယ်။ လွှတ်တော်က ဆုံးဖြတ်ထားတာက အလကားဖြစ်သွားတာပေါ့။ ဒါကြောင့် မေးခွန်းမေးခဲ့တာပါ” ဟု ဦးလှဆွေက ပြောကြားသည်။

မြေငှားရမ်းမှုများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကနဦး နှစ် ၅၀၊ ထပ်တိုး ၁၀ နှစ် နှစ်ကြိမ်ဟု ဖော်ပြထားကြောင်း၊ ဓာတ်သတ္တုတူးဖော်ရာတွင်မူ ခွင့်ပြုသက်တမ်း ၁၅ နှစ်၊ ထပ်တိုးအဖြစ် ငါးနှစ် လေးကြိမ်ဟု ဖော်ပြထားသည့်အတွက် ၃၅ နှစ်သာရှိကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်သတ္တုတူးဖော်ရေးကို ငှားရမ်းနှစ်တိုးမြှင့် ပေးသင့်ကြောင်း၊ သို့မှသာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုစိုက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ မေးမြန်းမှုများအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၂၀ တွင် နိုင်ငံခြားသားသည် တားမြစ်ထားသည့်လုပ်ငန်း (သို့မဟုတ်) ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ် ကိုင်ပါက နိုင်ငံခြား မ,တည်ငွေရင်း အချိုးသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရလို့ ပါပါတယ်။ ဒီသတ်မှတ်ချက်ဟာ ကော်မရှင်က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ပြင်ဆင်သတ်မှတ်နိုင် တယ်လို့ ပြဋ္ဌာန်း ထားပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး ဒုတိယ၀န်ကြီးက ဥပဒေတွင် ပါရှိသည့်အတိုင်း ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ မကြာမီတွင် ဆက်လက် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment