Sunday, June 15, 2014

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်စုခန့် ပိတ်ထားသည့် ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံအား ပြည်တွင်း လုပ်ငန်းရှင် များသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်

၂ဝဝ၅ ခုနှစ် မေလတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပိတ်ထားခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုန်သွယ်မှုဗဟိုဌာနအား ပြည်တွင်း လုပ်ငန်းရှင် များသို့ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၄ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ကုန်သွယ်မှုဗဟိုဌာနကို ပြည်တွင်းနိုင်ငံသား လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ပြု ရာတွင် ကုန်သွယ်မှုဗဟိုဌာနအဖြစ်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဓိက လုပ်ဆောင်ရန်နှင့် ကုန်သွယ်မှု လုပ်ငန်း များကို အထောက်အကူပြုမည့် ပြခန်းများ၊ ဆွေးနွေးပွဲ အစည်းအဝေးခန်းမများနှင့် လုပ်ကိုင်ခွင့်ရသူ လုပ်ငန်းရှင်အတွက် အကျိုးအမြတ်ရရှိစေမည့် Business Center ရုံးခန်းများအား ဖွင့်လှစ်လုပ်ဆောင်ခွင့်ပြုသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းများမြှင့်တင်နိုင်ရန် နိုင်ငံတကာဈေးကွက်ရရှိမှု မရှိသေးသည့် မြန်မာ့ ပို့ကုန်များအား နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ ဈေးကွက်ရှာဖွေပေးမည့် မြန်မာကုန်သွယ်မှုစင်တာ (Myanmar Trade Center) ကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ တင်ပြထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပို့ကုန်မြှင့်တင်ရေးဦးစီးဌာန မှ ဦးဆောင်ကာ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းမှ ငွေကြေးထောက်ပံ့ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၏ ပညာရှင်များက မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ ဖြိုးမှု မဟာဗျူဟာ အား ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာရေးဆွဲရေးကို အဆင့်လေး ဆင့်ဖြင့် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းကြာမြင့်ချိန် ငါးနှစ်ဖြစ်သည်။ အဆိုပါ အဆင့်လေးဆင့် မှာ (၁) အကြိုညှိနှိုင်းဆွေးနွေးခြင်း(Pre Engagement Phase)၊ (၂) အသေးစိတ် ညှိနှိုင်းခြင်း (Inception Phase)၊ (၃) မဟာဗျူဟာရေးဆွဲခြင်း (Design Phase) နှင့် (၄) အကောင်အထည်ဖော်ခြင်း (Implementation Man-agement Phase) တို့ ဖြစ်သည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ၏ ရည်ရွယ်ချက်မှာ မိမိတို့၏ လိုအပ် ချက်များ ဈေးကွက်အရ လိုအပ်ချက်များကို အခြေခံကာ လက်တွေ့ကျသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးကို ဦးတည်သော မဟာဗျူဟာများကို အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ရေးဆွဲ အကောင်အထည်ဖော်မည့် Public-Private Dialogue တစ်ခုပင်ဖြစ်ကြောင်း International Trade Center မှ ကိုလင်းနိုင်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အမျိုးသားပို့ကုန် မဟာဗျူဟာအဆင့်(၃)ဆင့်ဖြစ်သည့် အကြိုညှိနှိုင်းခြင်း၊ အသေးစိတ် ညှိနှိုင်းဆွေးနွေးခြင်းနှင့် မဟာဗျူဟာရေး ဆွဲခြင်း အဆင့်တို့အား ဆောင်ရွက်ပြီး စီး သွားပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Myanmar Trade Development Council) အား ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးအတွက် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပအကူအညီဖြင့် စီမံကိန်းသုံးခု ရေးဆွဲဆောင်ရွက်နေကြောင်း သိရသည်။ စီးပွား/ကူးသန်း ဝန်ကြီးဌာနသည် ပြည်ပမှ အကူအညီရ ယူကာ ဆောင်ရွက်နေသော Trade Related Project များဖြစ်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအားပေးအပ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီဖြစ်သည့် Enhanced Integrated Framework-EIF အစီအစဉ်၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)၊ အမျိုးသားကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်မည့် အစီအမံရေးဆွဲခြင်း (National Trade Facillitation Implementation Plan-NTFIP) စသည့် လုပ်ငန်းစီမံချက်များကို ဆောင်ရွက်နေကြောင်း သိရသည်။

Eleven

No comments:

Post a Comment