Wednesday, June 18, 2014

မြေပြင်မှထိန်းချုပ်နိုင်သည့် လေယာဉ်ငယ် စမ်းသပ်ပျံသန်းနိုင်

မိတ္ထီလာလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများက မြေပြင်မှ ထိန်းချုပ်နိုင်သည့် လေယာဉ်ငယ်ကို စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး ယင်းလေယာဉ်သည် တက္ကသိုလ် သုတေသနဌာနနှင့် ကျောင်းသားများ ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်ဖြစ်သည်ဟု ယင်းတက္ကသိုလ်၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဇွန် ၁၇ ရက်က ပြောသည်။

၎င်းက “ဘားကမ့်မိတ္ထီလာမှာ မိတ်ဆက်သွားတာက လက်နဲ့ပစ်တင်ပြီး မြေပြင်က ရီမုဒ်နဲ့ ထိန်းချုပ်တဲ့ အမျိုးအစားပါ။ နောက်တစ်မျိုးက ဘီးနဲ့တက်တဲ့ အမျိုးအစားပါ။ ဒီပရောဂျက်တွေကို ကျောင်းသားတွေနဲ့ သုတေသနဌာနက ပူးပေါင်းဆောင်ရွက်ထားတာပါ” ဟု ဆိုသည်။

အဆိုပါ လေယာဉ်နှစ်မျိုးကို ဇွန်လ ၇ ရက်က မိတ္ထီလာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဘားကမ့်မိတ္ထီလာပွဲ၌ မိတ်ဆက်ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးအစား နှစ်မျိုးမှ ဘီးနှင့်တက်ကာ ပျံသန်းနိုင်မည့် လေယာဉ်အမျိုးအစားသည် အတောင်နှစ်ဖက် အလျား ရှစ်ပေရှိမည်ဖြစ်ပြီး အင်ဂျင်တပ်လေယာဉ် အမျိုးအစားဖြစ်ကာ လေယာဉ်များတွင် ကင်မရာတပ်ဆင်ပြီး တစ်မိုင်ပတ်လည် အကွာအဝေးအတွင်း ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ယူနိုင်မည်ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်းက “ကင်မရာတပ်ဆင်ပြီး တစ်မိုင်အတွင်းမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ယူနိုင်ပါတယ်” ဟု ဆိုသည်။

မြေပြင်မှ ရီမုဒ်ဖြင့် ထိန်းချုပ်သည့် လေယာဉ်ကို စမ်းသပ်ပျံသန်းနိုင်ခဲ့ခြင်းသည်ပိုမိုအဆင့်မြင့်သည့် နည်းပညာများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းက “လေယာဉ်ဟာ လေထဲမှာ ပျံသန်းနိုင်ပြီဆိုရင်ပဲ အရည်အသွေးတစ်ခုပါ။ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” ဟု ဆိုသည်။ ယခု ဘားကမ့်မိတ္ထီလာတွင် မိတ်ဆက်ခဲ့သည့် လေယာဉ်သည် ယခင်ပရောဂျက်များက လေယာဉ်များကို ဒီဇိုင်းနှင့် အင်ဂျင်ပိုင်း မွမ်းမံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လေးလအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


Mizzima

No comments:

Post a Comment