Friday, June 20, 2014

သံလွင်မြစ်ပေါ်ရှိ ရေကာတာများတည်ဆောက်မှုကို အစိုးရက တစ်ဖက်သတ်အမြင်ဖြင့် ပြုလုပ်နေသည်ဟု ဆို

အမြန်ဆုံးတည်ဆောက်တော့မည်ဟု ကြေညာထားသော သံလွင်မြစ်ပေါ်ရှိ ရေကာတာများအားလုံးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု စစ်တမ်းများ (EIA/SIA) မရှိဘဲ တစ်ဖက်သတ်အမြင်နှင့်သာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်မှ ကိုစောသာဘိုးက မဇ္ဈိမကို ပြောသည်။

“EIA/SIAလုပ်မယ်ဆိုရင် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ရမှာ။ အဲ့လိုလုပ်ရင်လည်း အနည်းဆုံး လေးနှစ်လောက်ကြာတယ်။ အခုက တကယ်မလုပ်ဘဲ တိုးတိုးတိတ်တိတ်နဲ့ EIA/SIA လုပ်ထားပါတယ်ဆိုတော့ အစိုးရရဲ့လုပ်ရပ်တွေက ပွင့်လင်းမြင်သာမှု မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
ရေကာတာများ အမြန်ဆုံးတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် မိုင်းမော်မြို့နယ်တို့တွင် တည်ဆောက်မည့် နောင်ဖ-မန်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် စီမံကိန်း တာဝန်ရှိသူများက ဒေသခံများနှင့် မန်းပန်မြို့နယ်တွင် ပွင့်လင်းမြင်သာစွာ တွေ့ရှိခဲ့သည်ဟု ဇွန် ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံရာတွင် သံလွင်အရေး လှုပ်ရှားနေသည့် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ခြင်းမရှိဘဲ မသိနားမလည်သော ဒေသခံ အချို့နှင့်သာ လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု ကိုစောသာဘိုး ကဝေဖန်သည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ခြင်းသည် သံလွင်မြစ်ကို ဖျက်ဆီးနေခြင်းဖြစ်ပြီး များပြား စုံလင်သော လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေနိုင်သည်ဟုဆိုကာ တိုင်းရင်းသား လက်မှတ်ရှင် ၃၃,၅၃၈ ဦးနှင့် နိုင်ငံရေးပါတီအပါအ၀င် အရပ်ဘက်အဖွဲ့အစည်း ၁၃၁ ဖွဲ့တိုက ကန့်ကွက်ထားသည်။

သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ငါးခုအနက် ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံ၊ နောင်ဖ-မန်းတောင်း စီမံကိန်းတို့ ပြီးစီးပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၇သန်းရရှိမည် ဟု ဇွန် ၁၈ ရက် ပြည်သူ့လွှတ်တော်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြောကြား ခဲ့သည်။

Mizzima

No comments:

Post a Comment