Tuesday, June 17, 2014

ချင်းပြည်နယ်တွင် အပူဒဏ်ကြောင့် ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပူချိန်မြင့်တက်ခဲ့သည့် ဒဏ်ကြောင့် ငါးလအတွင်း ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ဒါရ်ခိုင်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးဂင့်တုန်းထန်က ပြောကြားသည်။

“ဇန်နဝါရီ လလယ်လောက်က စပြီး ကျွဲတွေ သေတယ်။ ဘာဒဏ်ရာမှ မရှိတဲ့အတွက် အပူဒဏ်ကြောင့် သေဆုံးတယ်လို့ပဲ ပြောရမယ်” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
အိမ်ခြေ ၅၇ အိမ်ခန့် ရှိသည့် ဒါရ်ခိုင်ရွာသစ်တွင် ကျွဲအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ပြီး အခြားရွာများတွင်လည်း တစ်ရွာလျှင် အကောင်ရေ ၃၀ မှ ၇၀ ထိ သေဆုံးကြောင်း၊ လက်ရှိအချိန်ထိ ကျွဲအကောင်ရေပေါင်း ၅၀၀ ခန့်ထိ သေဆုံးခဲ့ပြီးဖြစ်ရာ အားလုံးမှာ အပူဒဏ်ကြောင့်ဟု ယူဆရကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ အပူချိန်မြင့်မားသည့် ဒဏ်ကြောင့် လယ်ယာလုပ်ငန်းခွင်သုံး ကျွဲများ သေဆုံးခဲ့သည့်အတွက် ယခုနှစ် စိုက်ပျိုးရာသီ၌ အခက်အခဲ ကြုံခဲ့ရကြောင်း ဒါရ်ခိုင်းကျေးရွာခံများထံက စုံစမ်းသိရှိရသည်။
ဒါရ်ခိုင်းရွာသစ်၊ ဒါရ်ခိုင်းရွာဟောင်း၊ တာလ်အဲ၊ တွီးတန်၊ ဇမ်းပီး၊ ဆိုင်ပီးမွာလ်၊ လွိုင်အဲလ်၊ တွီးမံ၊ ဖိုင်ဘီ၊ မောင်ဘွန်နှင့် ကျီခါးမြို့ပေါ်ရှိ ကျွဲများ သေဆုံးခဲ့ခြင်း ဖြစ်ရာ ယင်းကဲ့သို့ သေဆုံးမှုအတွက် တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးထံက တစ်ဆင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံ အကူအညီပေးရန် တင်ပြခဲ့သော်လည်း ကူညီပေးခဲ့ခြင်း မရှိကြောင်း၊ယင်းကြောင့် ခရိုင်နှင့် ပြည်နယ် အစိုးရအဖွဲ့များထံ ဆက်လက် တင်ပြရန် စီစဉ်ထားသည်ဟု ဦးဂင့်တုန်းထန်က ထပ်လောင်း ပြောဆိုသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာလုပ်ငန်းသုံး ကျွဲများ သေဆုံးရခြင်းမှာ ရောဂါကြောင့် မဟုတ်ပဲ ရာသီဥတု ပြောင်းလဲချိန်တွင် အစာရှားပါးမှု၊ အပူချိန် မြင့်မားမှုတို့ကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ယင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒေါက်တာဆန်းမြင့်အောင်က ပြောကြားသည်။

ချင်းပြည်နယ်၏ ယခုနှစ်ဆန်းပိုင်း အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်သာ ရှိသောကြောင့် လယ်ယာလုပ်ငန်းသုံး ကျွဲများ သေဆုံးသည် ဆိုခြင်းမှာ အပူချိန်တစ်ခုတည်းကြောင့် မဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောဆိုသည်။
တွန်းဇံဒေသတွင် လက်ရှိအချိန်၌ လယ်ယာလုပ်ငန်းသုံး ကျွဲတစ်ကောင် ပေါက်ဈေးမှ ကျပ်ငါးသိန်း ဖြစ်သော်လည်း ဝယ်ယူမည့်သူ မရှိတော့ကြောင်း ဒေသခံ ရွာသားအချို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment