Thursday, June 5, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ယခုနှစ်အတွင်း လက်မှတ်ထိုးနိုင်ရန် လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြု

နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ယခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ကတိပြုခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်း နေပြည်တော်ကောင်စီ နယ်မြေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ကာကွယ်ရေး ဦးစီးချုပ်က ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမှာ တစ်ဖွဲ့မကျန် ပါဝင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၄ ခုနစ် သြဂုတ်လအတွင်း အပြီးသတ် လက်မှတ် ရေး ထိုးနိုင်ရန် ကြိုးပမ်းမည်ဟု နိုင်ငံတော်သမ္မတကလည်း ယခုတွေ့ဆုံမှုတွင် ကတိပြု ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် KNU ဗဟိုကော်မတီဝင်များသည် ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် ဆက်တိုက် တွေ့ ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“သမ္မတကတော့ သူ့အစိုးရသက်တမ်းမှာ မတည်ငြိမ်မှုတွေ အားလုံးကို အပြီးသတ် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်မယ်လို့ ကတိပြု ပြောပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရသာမက လွှတ်တော်ကိုပါ တွေ့ဆုံရန် လိုအပ်သောကြောင့် ဇွန်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အဖွဲ့ NCCT တို့ ပူးပေါင်း ရေးဆွဲလျက် ရှိသော နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ၇၀ ရာခိုင်နှုန်းကျော် သဘောတူ ညှိနှိုင်းပြီး စီးနေပြီ ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင် များက မေလအတွင်း ထုတ်ပြန်ထားသည်။

KNU တာဝန်ရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) တွင် ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင်လျက် ရှိပြီး KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းသည် NCCT ၏ ဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသည်။
ကရင်အမျိုးသားအစည်းအရုံး KNU သည် နှစ်ပေါင်း ၆၀ ကျော်အကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့သော်လည်း အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ငါးကြိမ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်မူ ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်သည်။

ွှThe Voice Weekly

No comments:

Post a Comment