Tuesday, June 10, 2014

မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခဲ့သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေ

အနောက်တောင်မုတ်သုံလေသည် ဇွန် ၇ ရက်မှစတင်ကာ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ခဲ့ပြီဖြစ်သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

"စနေနေ့ကနေစပြီးတော့ တစ်နိုင်ငံလုံးကိုမုတ်သုံဝင်သွားခဲ့ပြီ၊ အခုလောလောဆယ် မုတ်သုံက အားကောင်းနေတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းတွေက မုတ်သုံအားကောင်းတဲ့အချိန်မှာ မိုးရတာက နည်းတယ်။ တစ်ပြည်လုံးတော့ ပျံ့ပျံ့နှံနှံရွာတယ်။ အလယ်ပိုင်းမှာ မြို့တိုင်းတော့မရွာပေမယ့် မြို့တချို့တော့ရွာတယ်။ မိုးရွာသွန်းမှုက ပုံမှန်ထက်နည်းနေတယ်" ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြား သည်။

မိုးရွာသွန်းနိုင်မှုအခြေအနေများသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းအပြည့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုနှစ်မိုးရာသီအတွင်း မုတ်သုံလေ၀င်ရောက်ခဲ့မှုများသည် မြန်မာနိုင်ငံအောက်ပိုင်းသို့ မေ ၁၇ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၂၀ ရက်၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ မေ ၂၉ ရက်နှင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဇွန် ၇ ရက်တွင် မုတ်သုံဝင်ရောက်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း မုတ်သုံလေအားကောင်းနေသဖြင့် ပင်လယ်ကမ်းရိုးတန်းများတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၄၀ ခန့်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ်နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန်နောက်ကျခြင်း၊ မုတ်သုံအထွက်စော လာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသောဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ဖြစ်ကြသည်။

Eleven

No comments:

Post a Comment