Friday, June 27, 2014

နိုင်ငံသားများအပေါ် အစိုးရတာဝန်ယူမှုအားနည်းဟု ဝေဖန်

တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး တာဝန်ယူမှု အပိုင်းတွင်  မြန်မာအစိုးရအဖွဲ့သည် အားနည်းလျက်ရှိသည်ဟု မူဆယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က ခေါင်းပုံဖြတ်ပြီး ခိုင်းစားနေတဲ့အနေအထားမှာ တရုတ်အစိုးရဘက်က တရားဝင်ကမ်းလှမ်းမှု မရှိသေးလို့ပါဆိုတဲ့ အဖြေကို ကျွန်တော်စိတ်ပျက်မိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမှ ဆောင်ရွက်ပေးမယ်ဆိုတာမျိုး အစိုးရအဖွဲ့ကမပြော သင့်ဘူး။ နိုင်ငံသားတွေအပေါ် တာဝန်ယူမှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင်
မဇ္ဈိမကို ပြောခဲ့သည်။

တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်သွားရောက်နိုင်ရေး၊ ၎င်းတို့အား အထောက်အထားလက်မှတ်များ ထုတ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ဦးစိုင်းဘိုးအောင်က ပြည်သူ့လွှတ်တော်မှတစ်ဆင့် အစိုးရအဖွဲ့ကို ယနေ့မေးမြန်းခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးထင်အောင်က ပြန်လည်ဖြေကြား မှုကို ရည်ညွှန်းပြော ကြားလိုက်ခြင်းဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်ပသို့ တရားဝင်သွားရောက်စေနိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီခံစားခွင့်ရရှိရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့အတွက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစသည့် သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလျက် စနစ်တကျကြပ်မတ် ဆောင်ရွက်နေပါကြောင်း ဒုတိယ၀န်ကြီး ဦးထင်အောင်က ရှင်းလင်းဖြေကြားခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားတို့နှင့် ပတ်သက်၍ “အခုအချိန်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်က မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ရေးနဲ့ ပတ်သက်လို့ ကမ်းလှမ်းခြင်းမျိုး မရှိသေးတဲ့အတွက် တရုတ်ဘက်မှာ ရက်ရှည်နေထိုင်ခွင့်မရှိတဲ့ ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်နဲ့သာသွားကြရပြီး သူတို့ရဲ့အထောက်အထား စာရွက်စာတမ်းတွေကို တစ်ဦးချင်းအနေနဲ့(မိမိဘာသာ) နိုတြီပြု လုပ်ကြရသူများသာဖြစ်ပါတယ်”ဟူ၍ လွှတ်တော်ကို ရှင်းပြခဲ့သည်။

လက်ရှိအခြေအနေ၌ ခြောက်ညအိပ်၊ ခုနစ်ရက်သာနေခွင့်ရသည့် ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံသို့နေ့စဉ် သွားရောက်အလုပ်လုပ်နေကြသည့် မြန်မာလုပ်သားဦးရေမှာ တစ်ရက်လျှင် နယ်စပ်ဖြတ်ကျော်ရုံးမှ စာရင်းအရ ၁၅၀ ဦးခန့်ရှိသည်ဟု ဦးစိုင်းဘိုးအောင်ကပြောသည်။ အဆိုပါ ယာယီ နယ်စပ်ဖြတ် ကျော်လက်မှတ်သည် တရုတ်နိုင်ငံ၌ ရက်ရှည်နေထိုင် အလုပ်လုပ်ကိုင်ခွင့်မရှိသဖြင့် တရားမ ၀င်ကူးပြောင်း အလုပ်လုပ်သူများလည်း ရှိသည်ဟုဆိုသည်။

“အဲဒီလိုနည်းနဲ့ သွားအလုပ်လုပ်တဲ့အခါ ခုနစ်ရက်ကျော်ရင်ဖမ်းပြီး ထောင်ချတယ်။ ဒီတော့ အလုပ်ရှင်တွေက အလုပ်သမားတွေကို လုပ်ခမပေးချင်တဲ့အခါ လုပ်ခရှင်းခါနီးမှာ ရဲကိုလက်တို့ခေါ်ပြီး ဖမ်းခိုင်းတာလည်းရှိတယ်။ ထောင်ထဲမှာ တစ်နပ်ကိုထမင်းမပါဘဲ အာလူးတစ်လုံးပဲစားရတယ်။ ဆီးစစ်လို့ မူးယစ်ဆေး သုံး တာမျိုးပေါ်နေရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ထပ်ကျတယ်လို့ လုပ်ခမရဘဲထောင်ကျခဲ့တဲ့ မြန်မာလုပ် သားတွေက ကျွန်တော့်ကို ပြန်ပြောတယ်”ဟုလည်း ဦးစိုင်းဘိုးအောင်က မဇ္ဈိမကို လွှတ်တော်အစည်း အဝေးအပြီးတွင် ရှင်းပြခဲ့သည်။

တရုတ်နိုင်ငံရောက် မြန်မာလုပ်သားအများစုမှာ ဒေသလုပ်ခပေါက်ဈေးမရဘဲ ခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ခ တစ်ပြားမှ မရဘဲထောင်ကျခြင်း၊ အချို့ဆိုလျှင် လူကုန်ကူးခံရခြင်းအထိ ကြုံတွေ့နေရသည့် အခြေအနေ၌ တရုတ်နိုင်ငံဘက်က ကမ်းလှမ်းလာမှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောင်ရွက်ပေးမည်ဟူသည့် အစိုးရ အဖွဲ့၏ ဖြေကြားချက်မှာ တာဝန်မဲ့ရာကျကြောင်း၊ တရုတ်နိုင်ငံဘက်က မကမ်းလှမ်းမီမှာပင် မြန်မာ လုပ်သားတို့အတွက် ကာကွယ်စောင့်ရှောက်မှု အပါအ၀င်ဆောင်ရွက်သင့်သည်တို့ကိုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသင့်ကြောင်းကိုလည်း မူဆယ်အမတ်က ပြောသည်။

ထိုသို့ နိုင်ငံရပ်ခြားတွင် ခေါင်းပုံဖြတ်ခံနေရသော၊ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေရသော ရွှေ့ပြောင်းလုပ်သားများအတွက် အထောက်အပံ့၊ အကာအကွယ်ဖြစ်စေမည့် ဥပဒေတစ်ရပ်ကို အလျင်အမြန်ရေးဆွဲပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ယခု ဒသမပုံမှန်အစည်းအဝေး အစပိုင်းတွင် လွှတ်တော်သို့တင်ခဲ့ဖူးသော် လည်း မဲခွဲဆုံးဖြတ်သည့်အခါ ၎င်းအဆို ရှုံးနိမ့်ခဲ့ဖူးသည်။


Mizzima

No comments:

Post a Comment