Thursday, June 5, 2014

အမြန်လမ်းမတွင် စည်းကမ်းမဲ့ ခရီးသည်တင်ယာဉ်တွေ့ရှိပါက ယာဉ်ကြီးကြပ်ရေးကော်မတီကိုပါ အရေးယူမည်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များကိုအရေးယူမည့်အပြင် သက်ဆိုင်ရာ ယာဉ်ကြီးကြပ်ရေးကော်မတီကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ အမြန်လမ်းမကြီး၌ စစ်ဆေးရေးဂိတ်များ ထားရှိပြီးဖြတ်သန်းသွားလာနေသော ယာဉ်များအားလုံး နှင့် ယာဉ်မောင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ၌ ယာဉ်မောင်းအများစု၏ ယာဉ်မောင်းလိုင်စင်များမှာ သက်တမ်းကျော်လွန်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းစသည့် စည်းကမ်းဖောက်ဖျက်မှုများကို အများဆုံးစစ်ဆေးတွေ့ရှိနေကြောင်း စုံစမ်းသိရှိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ ယာဉ်တိမ်းမှောက်မှုတွေ အများအပြားဖြစ်နေ လို့ ပြင်ဆင် စရာရှိတဲ့ အပိုင်းတွေကို ဆောင်ရွက်နေပါပြီ။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို တွေ့ရှိ ရင်လည်း ထိရောက်စွာအရေးယူသွားတော့မယ်။
ခရီးသည်တင်ယာဉ်တွေဆိုရင်တော့ ယာဉ်မောင်း၊ ယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင်တွေကို ထိရောက်စွာ အရေးယူသွားမယ့်အပြင် အဲဒီခရီးသည်တင်ယာဉ်တွေကို ကြီးကြပ်ကွပ်ကဲရမယ့် သက်ဆိုင်ရာ ယာဉ်လိုင်းကော်မတီ ကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးက ဇွန် ၃ ရက်က ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသွားနေသည့် ခရီးသည်တင်ယာဉ်များကို စတင်မထွက်ခွာမီ ကားဂိတ်၌ ကညန၊ မထသနှင့် အခြားတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးပြီးမှသာ ထွက်ခွာခွင့်ပြုတော့မည် ဖြစ်သည်။

“အမြန်လမ်းရဲတပ်ဖွဲ့မှာ လုပ်ငန်းအသုံးပြုဖို့နဲ့ မတော်တဆဖြစ်စဉ်တွေ ဖြစ်လာရင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တဲ့ မော်တော်ယာဉ်စုစုပေါင်းအစီး ၄ဝ ရှိတယ်။အခုခြောက်စီး ထပ်တိုးထားလို့ လမ်းရဲ့ ၁၂ မိုင်မှာ ယာဉ်တစ်စီးရှိရာကနေ ရှစ်မိုင်မှာ ယာဉ်တစ်စီးနှုန်း ရှိသွားပါပြီ”ဟု ရဲမှူးကြီး နေဝင်းက ဆိုသည်။
Eleven Media Group

No comments:

Post a Comment