Thursday, June 5, 2014

KIA အား “ကချင်တပ်မတော်” ဟု 7 Day Daily သတင်းစာတွင် ဖော်ပြ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း KIA (Kachin Independence Army) ကို တရားဝင် အသုံးအနှုန်းဖြစ်သည့်“ကချင်လွတ်မြောက်ရေးတပ်မတော်”အသုံးအနှုန်းအစား“ကချင်တပ်မတော်”ဟူ၍ ဇွန် ၄ ရက် ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သည်။

ဇွန် ၄ ရက်ထုတ် 7 Day Daily သတင်းစာ စာမျက်နှာ B 12 တွင် ပုံမှန်ဖော်ပြလေ့ရှိသော“Facebook တစ်ခွင်”ကဏ္ဍ၌  Facebook  ၌ ရေပန်းစားနေသော အကြောင်းအရာတစ်ရပ်ကို ဖော်ပြ ရာ၌“ကချင်တပ်မတော်”ဟု သုံးနှုန်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖော်ပြချက်အပြည့်အစုံမှာ“လိုင်ဇာထိုးစစ်ကာလက အစိုးရတပ်မတော်  ရဟတ်ယာဉ်ကို လေယာဉ် ပစ်လက်နက်ဖြင့် ပစ်ချနိုင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး၏ ဓာတ်ပုံ တစ်ပုံ ရေပန်းစားခဲ့သည်။ အဆိုပါရဲဘော်ကို  ကချင်ပြည်နယ်တွင် ပြုလုပ်သည့်ပွဲတစ်ပွဲ၌ အမျိုးသမီးငယ်တစ်ဦးက အတူဓာတ်ပုံတွဲရိုက်ကာ ၎င်း၏ December Nu ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ပျံ့နှံ့လာခဲ့သည်။ အဆိုပါရဲဘော်၏ ဓာတ်ပုံအောက်တွင် ကချင်တပ်မတော်ကို ထောက် ခံသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတို့က“ဖြောင်း...ဖြောင်း..ဖြောင်း”ဟူ၍ လက်ခုပ်တီးသည့် အသံစာသား များကို ရေးသားချီးကျူးခဲ့သည်ကို တွေ့ရသည်”ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဖက်ဒရယ်တပ်မတော် ထူထောင်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေချိန်၌ လွတ်လပ်ပြီး နိုင်ငံတစ်ခု၏ တပ်မတော်အဖြစ် သဘောသက်ရောက်စေသည့်“ကချင်တပ်မတော်”ဟူသော သုံးနှုန်းမှုသည် 7 Day Daily သတင်းစာ၌သာမက မီဒီယာလောကတွင်ပါ ပထမဆုံးသုံးနှုန်းသည့် အသုံးအနှုန်း ဖြစ်ခဲ့သည်။

“ကျွန်တော်တို့တိုက်ရဲ့ official အသုံးအနှုန်းက“ကချင်လွတ်မြောက်ရေးတပ်မတော်” လို့ပဲ သုံးပါတယ်။ အခုကိစ္စမှာ ဒီကဏ္ဍကို တာဝန်ခံထားသူကို ပြန်မေးကြည့်ပေးပါမယ်။ “ကချင်တပ်မတော်“ ဘာကြောင့် ဖြစ် သွား သလဲဆိုတာ သေချာပြန်မေးကြည့်ပါဦးမယ်”ဟု 7 Day Daily သတင်းစာ၏  အမှုဆောင်အယ်ဒီတာ ကိုအားမာန်က ဇွန်  ၄ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် အသုံးအနှုန်းမှားယွင်းသွားသည်ဆိုပါက အမှားပြင်ဆင်ချက် ဖော်ပြသွားမည်ဟု ကိုအားမာန်က ဆက်လက်ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment