Tuesday, June 24, 2014

NLD ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံအတွင်း အင်အားကြီး အတိုက်အခံပါတီ တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီပြန် ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးထင်လင်းဦးက ပြောကြားသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ မြို့နယ်နှင့် ခရိုင်အသီးသီး တွင် ပြုလုပ်ခဲ့သည့် လူငယ်ညီလာခံများမှ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသော ကိုယ်စားလှယ် ၁၆၈ ဦး တက်ရောက် မည် ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ယင်းညီလာခံတွင် ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ဗဟိုကော် မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လူကြီး ဗဟိုညီလာခံကို အဆင့်ဆင့် လုပ်ဆောင်ပြီး ပါတီအင်အား ကိုလည်း စနစ်တကျ တည်ဆောက်ပြီး ဖြစ်ကာ အနာဂတ် တာဝန်များကို ထမ်းဆောင်ရန် လူငယ်ပါတီဝင် များကို စနစ်တကျ ပြုစုပျိုးထောင်ရန် တာဝန်ရှိသောကြောင့် ယခု လူငယ်ညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း ဦးထင်လင်းဦးက ထပ်လောင်း ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံတွင် အသက် ၃၅ နှစ်အောက် ပါတီဝင်များသာ တက်ရောက်နိုင်ရန် ကန့်သတ်ထားကြောင်း NLD ပါတီထံမှ သိရှိရသည်။ .

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူငယ်ညီလာခံများ ကျင်းပပြုလုပ်ခဲ့ဖူးပြီး နိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံ ကို ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် လူငယ်ခေါင်းဆောင်များကို မြို့နယ်အဆင့်တွင် ၄၀၀၀ ကျော်၊ ခရိုင်အဆင့်တွင် ၇၀၀ ကျော်နှင့် တိုင်းနှင့် ပြည်နယ်အဆင့်တွင် နှစ်ရာကျော် ပြုစု ပျိုးထောင်ထားကြောင်း လူငယ် ဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment