Wednesday, July 16, 2014

အာဇာနည်နေ့တွင် ဥသြဆွဲသံဖြင့် ဂုဏ်ပြုနိုင်မည့် မိုဘိုင်း Application ထွက်ရှိ

ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင် ကိုးဦး လုပ်ကြံခံခဲ့ရသည့် အာဇာနည်နေ့တွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် ဥသြဆွဲသံဖြင့် ဂုဏ်ပြုနိုင်မည့် App ကို ရေးဆွဲပြီး အခမဲ့ ဖြန့်ဝေထားသည်ဟု Android Application ရေးသားနည်းစာအုပ်များ ရေးသားနေသည့် ဒေါက်တာထားထားလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။


ဒေါက်တာထားထားလွင်က“အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဥသြဆွဲသံနဲ့ ဂုဏ်ပြုနိုင်မယ့် App ကို ရေးဆွဲပြီး အွန်လိုင်းမှာ အခမဲ့ဖြန့်ဝေ ထားပါတယ်”ဟု ဆိုသည်။

ယင်းApplication ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ယခုဖြန့်ဝေထား သည့် ဗားရှင်းသည်Version ၁.၀ ဖြစ်ကာ လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒေါက်တာထားထားလွင်က ဆိုသည်။

၎င်းက“မနှစ်ကတည်းက လုပ်ဖို့အစီအစဉ် ရှိခဲ့ပေမယ့် ဒီနှစ်မှာမှလုပ်ဖြစ်ပါတယ်။ Version ၁.၀ အနေနဲ့ ထုတ်ထားပါတယ်။ ဥသြသံကို ပိုပြီးကျယ်ကျယ်ထွက် အောင်လုပ်ချင်တယ်။ အာဇာနည်နေ့မတိုင်ခင်မှာ ထပ်လုပ်ပေးနိုင်အောင်လုပ်သွားပါ မယ်”ဟု ဆိုသည်။

ယင်းApplicationကို Android OS အသုံးပြုထားသည့် ဖုန်း၊ တက်ဘလက်များတွင် ထည့်သွင်းထားနိုင် မည်ဖြစ်ပြီး အဆိုပါ app ကို ဖွင့်ပေးထားပါက အာဇာနည်ခေါင်း ဆောင်ကြီးများ လုပ်ကြံခံရသည့်အချိန် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိတွင် နှစ်မိနစ်ကြာ ဥသြသံထွက် ပေါ်လာမည်ဖြစ်သည်။

ဥသြသံအပြီးတွင် အဆိုတော်ဒေါ်မေလှမြိုင်၏ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါသည့် သီချင်း ဆက်တိုက် ထွက်ပေါ်လာမည်ဖြစ်သည်။

ယင်း Application ကို အသုံးပြုလိုပါကhttp://www.mediafire.com/ download/m8w6 1my2ftbw vbi/19July.apk တွင် ဒေါင်းလုပ်ဆွဲယူနိုင်မည် ဖြစ်သည်။

အာဇာနည်နေ့တွင် မော်တော်ယာဉ်များကို ဟွန်းသံရှည်တီးပါက ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေသည့်အတွက် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က မဇ္ဈိမကို ဖြေကြားထားသည်။

Mizzima

No comments:

Post a Comment