Thursday, July 10, 2014

အမြန်လမ်းမကြီးများဘေးရှိ လူနေအိမ်များ ဖျက်ပေးရန် မလိုတော့

နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဖော်ပြပါ မူလဥပဒေအရ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အမြန်လမ်းသတ်မှတ်ထားသော လမ်းများ ဘေးတစ်ဖက်တစ်ချက် တွင် တည်ရှိသည့် နေအိမ်အ ဆောက်အအုံများမှာ သတ်မှတ် လမ်းဧရိယာအတွင်း ကျရောက် နေသဖြင့် ပြောင်းရွှေ့ဖျက်သိမ်း ပေးရမည်ဖြစ်သည်။

‘‘အခု အတည်ပြုလိုက်တဲ့ ဥပဒေအရ မူလရှိပြီးသား လမ်းမ တွေပေါ်မှာရှိနေတဲ့ အိမ်တွေ အ ဆောက်အအုံတွေကို ဖယ်စရာ မလိုတော့ဘူး။ မူလပြဋ္ဌာန်းထား တဲ့ဥပဒေအရ ဆိုရင်တော့ ဖယ်ရမယ့် သဘောမှာရှိတယ်။ ဒါကြောင့် ပြင်လိုက်တာပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့လည်း ဒီကိစ္စကို ညှိနှိုင်းထားပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မူလဥပဒေအရ နိုင်ငံတကာ စံနှုန်းနှင့် ညီမျှသော အကျယ်ပေ ရှိရမည့် လမ်းများအဖြစ် သတ် မှတ်ခံလိုက် ရသော လမ်းများ (ဥပမာ-ရန်ကုန်-မန္တလေး အမြန် လမ်းဟောင်း) သည် မြို့များကိုဖြတ် သန်းဖောက်လုပ်ထားသဖြင့် လမ်းမတစ်လျှောက်ရှိ မြို့ရွာများ မှ ပြည်သူများမှာ စိုးရိမ်ထိတ်လန့် မှုများ ရှိခဲ့ကြောင်း ဦးစောလှထွန်း က ပြောသည်။

‘‘ဒီဥပဒေအရ လမ်းမဘေး မှာရှိတဲ့ အဆောက်အအုံတွေကို ဖျက်ရမယ်လို့ အသံတွေ ထွက် လာတာကြောင့် ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ပြည်သူတွေက တော် တော်ကို စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ တချို့ဆို ည ဘက် လာဖျက်မှာစိုးလို့ မအိပ်ဘဲ နေကြတဲ့သူတွေတောင် ရှိပါ တယ်’’ ဟု ပျော်ဘွယ်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောကြားသည်။

ယခု အသစ်ဖောက်လုပ် ထားသော အမြန်လမ်းသစ်ကြီး မှာ နိုင်ငံတကာ သတ်မှတ်အကျယ်ပမာဏအတိုင်း လမ်းဧရိယာကို ရယူထားခြင်းဖြစ်ပြီး အမြန်လမ်းမကြီးများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဖော်ပြပါ ဥပဒေအရ သတ်မှတ်နိုင်ကြောင်း ဦးစောလှထွန်းက ပြောသည်။

‘‘ကျွန်တော်တို့ လွှတ်တော် ကော်မတီတွေနဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ ညှိနှိုင်းမှုအရ အ ရင်ရှိပြီးသား အမြန်လမ်းတွေကို လက်ရှိ ရှိနေတဲ့ ဧရိယာအတိုင်း အတည်ပြုဖို့။ ဒါကို ဥပဒေထဲမှာ တရားဝင်ထည့်ဖို့ ညှိနှိုင်းသဘော တူခဲ့ပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

7Day Daily

No comments:

Post a Comment