Monday, July 28, 2014

နိုင်ငံလုံးချီ အပစ်ရပ်ရေး လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်သင့်၊ မသင့် လိုင်ဇာညီလာခံ ဆုံးဖြတ်မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သင့် မသင့်နှင့် ပတ်သက်ပြီး လိုင်ဇာ လက်နက်ကိုင် ထိပ်သီးညီလာခံက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာတွင် ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ ပြောကြားချက်နှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

KIO/KIA နှင့် PSLF/TNLA တို့မှအပ အစိုးရနှင့် တရားဝင် ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ တစ်ဖွဲ့ချင်းအလိုက် အပစ်ရပ်စာချုပ်များ ချုပ်ဆိုပြီး ဖြစ်သော်လည်း နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ်တွင် ထပ်မံ ကြာမြင့်နေမှုကြောင့် လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သူများ ကျန်ခဲ့နိုင်သည်ဟု KNU ဥက္ကဋ္ဌက ထောက်ပြထားခြင်း ဖြစ်သည်။

“KNU ဥက္ကဋ္ဌကြီး ပြောသလို ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ ဒီအတွက် လိုင်ဇာညီလာခံမှာ သေသေချာချာ ဆွေးနွေးပြီး အားလုံး ပါဝင်လာဖို့ ညှိနှိုင်း ဆုံးဖြတ်ကြမှာပါ” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ ကျန်ခဲ့နိုင်ခြေ ရှိနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင် ၁၆ ဖွဲ့လုံး အတူတကွ ပါဝင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ရခိုင်တပ်မတော် (AA) ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ဆိုသည်။

အစိုးရနှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်သော KNU မှာ အပစ်ရပ်စာချုပ်ကို ခပ်မြန်မြန် လက်မှတ်ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲများသို့ သွားလိုကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြားတွင် အပစ်ရပ်စာချုပ်တွင် သုံးနှုန်းမည့် စကားလုံးများနှင့် ပတ်သက်၍ အငြင်းပွားမှုများသာ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်နေ့က လိုင်ဇာတွင် စတင်ကျင်းပသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံမှာ လကုန်ရက်အထိ ဆွေးနွေးပွဲများ ပြုလုပ်သွားဖွယ် ရှိပြီး ယင်းညီလာခံ အပြီးတွင် အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တွင် ဆက်လက်တွေ့ဆုံမည် ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ အချိန်အကန့်အသတ် ရှိကြောင်း၊ ပြည်တွင်းနိုင်ငံရေး အင်အားစုများသာမက နိုင်ငံတကာကပါ လက်နက်ကိုင် ညီလာခံ၏ ရလဒ်များကို စောင့်ကြည့်နေပြီး လက်မှတ်ထိုးရေးအတွက် အဆုံးအဖြတ် ပေးရတော့မည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက သတိပေး ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment