Monday, July 14, 2014

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး

Photo: တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး
Monday, July 14, 2014 

တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံ ပြိုကျမှုကြောင့် လသားအရွယ်ကလေး အပါအ၀င် ခုနစ်ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI Webportal Myanmar) ၀က်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ အိမ်အမှတ် ၆/၄၃၃၊ ဦး..... ပိုင်နေအိမ်နှင့် သုံးခန်းတွဲအိမ်တန်းလျား၏ ဘေးနံရံအမြင့်ပေ ၂၀ ခန့်ရှိ ကျောက်ရိုး စီဖို့ မြေပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးပြိုကျခဲ့သည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်တန်းလျားတွင် နေထိုင်ကြသော နေအိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း (၃၈)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ယဉ်နု (၃၇)နှစ်၊ လသားအရွယ် ကလေးတစ်ဦး၊ အိမ်ငှားနေထိုင်သူ ဦးခင်မောင်သောင်း (၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းဆန်း (၂၅)နှစ်နှင့် သားဖြစ်သူမှုံကြီး(၈)နှစ်၊ သမီးဖြစ်သူ မပေါက်တူး(၅)နှစ်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မြေပြိုကျမှုကြောင့် အိမ်ထောင်စုလေးစုမှာ နှစ်စုသေတယ်။ မိုးကများသွားလို့ မြေပြိုသွားတာပါ။ လူလေးယောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်” ဟု ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီးဖြစ်သူတစ်ဦးက ပြောသည်။

မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး သေဆုံးခဲသူများအား သင်္ဂြိုဟ်နိုင်ရေး၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသူများအား ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group 

မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေး)

No comments:

Post a Comment