Wednesday, July 2, 2014

အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ

Photo: အပစ်အခတ်ရပ်စဲမှု ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ယူကရိန်းသမ္မတကြေညာ

ကိဗ်ယက်၊ ဇူလိုင် ၁

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ထုတ်ပြန် ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ပြန်ရုပ်သိမ်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ကြေညာလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော လက်နက်ကိုင်များသည် ၎င်းရေးဆွဲထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာခြင်း မရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောကြားခဲ့ပြီး သူပုန်များကို တိုက်ခိုက်၍ မိမိတို့နယ်မြေကို လွတ်လပ်စေမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး အစီအစဉ်အရ ယာယီအပစ်အခတ် ရပ်စဲရန် ဇွန်လ ၂၀ ရက်နေ့က ယူကရိန်းသမ္မတက ကြေညာခဲ့သော်လည်း သူပုန်များက လိုက်နာခြင်း မရှိဘဲ ယူကရိန်းတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးကို ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားသည်။

ယူကရိန်းအစိုးရ၏ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားစဉ် ကာလအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး ၆၉ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တွစ်တာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယူကရန်းသမ္မတ၏ အပစ်အခတ် ရပ်စဲရေး ပြန်ရုပ်သိမ်းရန် ကြေညာချက်သည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ၊ ရုရှားသမ္မတပူတင်၊ ဂျာမနီအဓိပတိ အင်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ ဟိုလန်ဒဲတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များကို ရုရှားက မီးထိုးပေးလျက် ရှိကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက စွပ်စွဲပြောကြားထားပြီး ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်နှင့် လုဟန်ပြည်နယ်များမှ သူပုန်များအနေနှင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပါက ဥရောပသမဂ္ဂက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့် ပြုလုပ်သွားဖွယ် ရှိသည်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုနှင့် ရုရှားသမ္မတပူတင်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် ယူကရိန်းအစိုးရ၏ အပစ်အခတ် ရပ်စဲရေးကာလက ထပ်မံတိုးမြှင့်ရန် ရုရှားသမ္မတပူတင်က တိုက်တွန်းခဲ့ကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရုရှားသမ္မတ၏ အခွင့်တောင်းခံမှုကြောင့် ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားစကားပြောသူများကို အကာအကွယ်ပေးရန် ရုရှားက ယူကရိန်းသို့ ကျူးကျော် တိုက်ခိုက်ခွင့်ကိုလည်း ရုရှားပါလီမန်က ပယ်ဖျက်ပစ်ခဲ့သည်။

ရုရှားပါလီမန်သည် ယခုနှစ်မတ်လက ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြော လူမျိုးများကို အကာအကွယ်ပေးရန် ရုရှားက ကျူးကျော် တိုက်ခိုက်ခွင့်ကို ရုရှားသမ္မတအား အခွင့်အာဏာ ပေးအပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment