Tuesday, July 1, 2014

စစ်တပ်ကျူးလွန်သည့် လိင်ကိစ္စ ခြောက်လအတွင်း ဖြေရှင်းရန်လိုသော်လည်း ကိုင်တွယ်မှု နှေးကွေးနေဆဲ

တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ကျူးလွန်ခဲ့သည့် လိင်ကိစ္စများကို ခြောက်လ အတွင်း ဖြေရှင်းပေးရမည်ဖြစ်သော်လည်း လက်တွေ့၌မူ တွေ့မြင်ရခြင်း မရှိဘဲ နှေးကွေးစွာ ကိုင်တွယ်နေသည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ညွှန်ကြားရေးမှူး နော်စူဆန်နာလှလှစိုးက ဇွန်လ ၃၀ ရက်တွင် မဇ္ဈိမကိုပြောသည်။
ဇွန်လ အစောပိုင်းအတွင်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်၌ ပြုလုပ်သည့် Unsexual Violent in Confilt ညီလာခံတွင် ယင်းကိစ္စများကို ဖြေရှင်းပေးရန် မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော်က လက်မှတ်ရေးထိုးခဲ့သဖြင့် ခြောက်လအတွင်း ဖြေရှင်းပေးရန် တာဝန်ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါပွဲသို့ တပ်မတော်ဘက်မှ တက်ရောက်ခြင်းမရှိသကဲ့သို့ ယနေ့ အချိန်အထိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမျိုးလည်း မရှိသေးဟု ဝေဖန်လိုက်ခြင်း ဖြစ်သည်။
”ဒု-၀န်ကြီးက လက်မှတ်ထိုးတာရယ် အားလုံးပူးပေါင်းပြီး လုပ်ရမယ်လို့ ပြောတာရယ်ပဲ ရှိတယ်။ သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ စစ်အတွင်းဖြစ်ခဲ့တဲ့ ကိစ္စတွေကို စစ်ဘက်က တာဝန်ယူရှိသူက ဖြေရှင်းဖို့ တစ်ဦးမှမလာဘူး။ တခြားနိုင်ငံတွေက စစ်ဦးစီးချုပ်တွေ ကိုယ်တိုင်တာဝန်ခံ တာဝန်ယူတယ်ဆိုတဲ့ ကတိတွေတောင် ပေးကြပါတယ်”ဟု ၎င်းက ပြောသည်။
တိုက်ပွဲကာလများအတွင်း တိုင်းရင်းသား ဒေသများတွင် တပ်မတော်က ကျူးလွန်ခဲ့သည့် လိင်အမှုပေါင်း ၁၀၀ ကျော်အထိရှိပြီး ယင်းကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို အစိုးရထံ ပေးပို့ပြီးဖြစ်သည်ဟု ဆိုသည်။
လန်ဒန်မြို့အခမ်းအနားတွင် အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆူဒန်တို့နှင့်အတူ မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၅ ခုမှ အစိုးရကိုယ်စားလှယ်နှင့် တပ်မတော်ဆိုင်ရာ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသော်လည်း မြန်မာစစ်ဘက်ကမူ တစ်ဦးမျှ တက်ရောက်ခဲ့ခြင်းမရှိပေ။
ယင်းသို့ အခြေအနေများကို ဖြေရှင်းပေးရန် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကပင် အားနည်းချက်များရှိနေသည် အမျိုးသမီး အဖွဲ့များက ဝေဖန်သည်။
အခြေခံဥပဒေပုဒ်မ-၃၁၉ သည် တပ်မတော်၏ အရေးကိစ္စများကို ဖြေရှင်းရာ၌ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်နိုင်ရန် အခွင့်အရေးပေးထားသည်ဟု ၄င်းတို့က ဝေဖန်ကြခြင်းဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားပေး မည့်သူ မရှိခဲ့ပေ။

Mizzima

No comments:

Post a Comment