Saturday, July 19, 2014

အခကြေးငွေနှင့် သွေးပေးသူများကို ဆေးရုံများတွင် လက်မခံရန် စီစဉ်

ရန်ကုန်မြို့တော် အတွင်းရှိ ပြည်သူ့ဆေးရုံကြီး ခြောက်ခုတွင် လုပ်အားပေး သွေးလှူရှင်များမှအပ အခကြေးငွေဖြင့် သွေးသွင်းသူများ လက်မခံရန် စီစဉ်နေကြောင်း အမျိုးသားသွေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စေတနာအလျောက် သွေးလှူရှင်များနှင့် အမျိုးသားသွေးဌာနမှ သွေးများဖြင့်သာ ပြည်သူ့ဆေးရုံများသို့ ထောက်ပံ့သွားမည် ဖြစ်ပြီး လက်ရှိအချိန် တွင် ဆေးရုံတိုင်း၏ သွေးလိုအပ်ချက် ပမာဏ စာရင်းကို စတင် ကောက်ယူနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “အုပ်စု လိုက် သွေးလှူတာမျိုးဆိုရင် လက်ခံပေးမယ်။ အရင်က လူနာတွေ သွေးလိုရင် ဆေးရုံက၊ သွေးလှူဘဏ်က သွေးသွင်းပေးတယ်။ ဒါပေမဲ့ ပြီးရင် သွေးအစား ပြန်ပေးရတာ ရှိတယ်။ သွေးလှူရှင်တွေနဲ့ ကြားထဲကနေ ဝန်ထမ်းတချို့က ငွေတောင်းတာမျိုး ရှိလာလို့ ခုလိုလုပ်ရတာ” ဟု သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် အချို့ သွေးလှူရှင်များက ညအချိန် အရေးပေါ် လိုအပ်သော သွေးကို လာရောက် လှူဒါန်းပြီးလျှင် ခရီးစရိတ်ကို ဆေးရုံ ထံမှ ပြန်တောင်း ခံလေ့ ရှိကြောင်း ၎င်းက ပြောပြသည်။

ပြည်သူ့ဆေးရုံများမှ လူနာရှင်အချို့သည် သွေးလိုအပ်ပါက ဆေးရုံနှင့် အမျိုးသားသွေးဌာနမှ သွေးရယူပြီးနောက် သွေးအစား ထိုး ပြန်ပေး ရခြင်းတို့ ရှိကြောင်း လူနာများထံမှ စုံစမ်းသိရှိရသည်။ လူနာများ အရေးပေါ် သွေးလိုအပ်ချိန်တွင် အမျိုးသားသွေးဌာနမှ သွားရောက်ယူပါက အချိန်ကြန့်ကြာ မှုနှင့် ခရီးစရိတ် ပိုကုန်ကျမှုတို့ ရှိခြင်းကြောင့် ယင်းအစီအစဉ်ကို ပြန်စဉ်းစားသင့်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ပြောကြား သည်။

၂၀၁၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနသို့ လာရောက်လှူဒါန်းသည့် အလှူရှင်ဦးရေသည် ၄၄,၀၀၀ ကျော် ရှိကြောင်း အဆိုပါဌာန ထုတ်ပြန်ချက် များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment