Wednesday, July 2, 2014

မကွေး ၄၃၆ ဟောပြောပွဲ စီစဉ်သူများ ထပ်မံအမှုဖွင့်ခံရ

မကွေးမြို့၊ ကန်သာရပ်၊ အေးစေတီဘုရားကွင်းတွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ စီစဉ်သူများကို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက်ဖွင့်မှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် အမှု ရင်ဆိုင်ရန် မြို့မရဲစခန်းနှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ဆင့်ခေါ်ထားသည်ဟု ကာယကံရှင်တို့က မဇ္ဈိမကို ပြောသည်။

ယင်းသည်ဟောပြောပွဲအပြီး တစ်ပတ်ခန့်အကြာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အတွင်း ရေးမှူး ဦးနေမျိုးကျော်ကို မြို့မရဲစခန်းက အမှုဖွင့်တရားစွဲဆိုပြီးနောက် အခြားသောစီစဉ်သူ အဖွဲ့ဝင်များပါ အမှုရင်ဆိုင်ရမည့် အခြေအနေ ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။

မကွေးမြို့မရဲစခန်းက ဇွန်လ ၃၀ ရက်စွဲဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့များဖြစ်သည့်(NLD) နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိသူ စုစုပေါင်း ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၇၇ ဖြင့် အမှုရင်ဆိုင်ရန် အကြောင်းကြားခဲ့သည်။ ယင်းသည် အေးစေတီဘုရား ကွင်းအတွင်း ခွင့်မပြုဘဲ ဟောပြောပွဲပြုလုပ်ခြင်းကြောင့်ဟု ကာယကံရှင်တို့က ယူဆကြသည်။

အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ဟောပြောပွဲကျင်းပရန် စင်မြင့်အပါအ၀င် စီစဉ်မှု အားလုံးပြီးချိန်အရောက် ရက်ပိုင်းအလိုတွင်မှ မြသလွန်ဘုရားကွင်းသို့ ပြောင်းရွှေ့ကျင်းပရန် ညွှန်ကြားခဲ့သဖြင့် လိုက်နာနိုင်ခြင်း မရှိခဲ့ဟု ပွဲစီစဉ်သူတို့က ဆိုသည်။

ထို့ပြင် ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်မှ ဦးမောင်မောင်စိုး (ရွှေမြန်မာ)သည်လည်း မကွေးမြို့ပတ်လမ်းနှင့် အဝေရာလမ်း တစ်လျှောက် လှုံဆော်ရေး သီချင်းများဖွင့်ရာတွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အသုံး ပြုမှုဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်ကာ ရဲအက်-၄၉ဖြင့် အမှု နှစ်ခုဖွင့်ထား၍ လာရောက်ဖြေရှင်းရန် အကြောင်းကြားခြင်း ခံထားရသည်။

ထို့အတူ မကွေးမြို့နယ်(NLD)ဥက္ကဋ္ဌ ဦးစိုးမိုးသည်လည်း ဦးမောင်မောင်စိုးနှင့် အတူ အသံချဲ့စက်အသုံးပြု ခွင့်မရှိဘဲ လှည့်လည်ကြေညာမှုဖြင့် အမှုရင်ဆိုင်ရန် မကွေး မြို့မ ရဲစခန်း၏ဆင့်ခေါ်မှုကို ခံထားရသည်။ “ကျွန်တော်တို့က ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်ပြီး ဆောင်ရွက်ပေးနေကြတာပါ”ဟု မကွေး တိုင်း(NLD) ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က မဇ္ဈိမကို ပြောသည်။

“မကွေးမြို့မှာ တရားဥပဒေစိုမိုးရေး အလွန်အားနည်းနေတယ်ဆိုတာကို အခု ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။ ဒါတိုင်းပြည်ထူထောင်ရေးအဆင့်ကိုတောင် မရောက်သေးဘူး။ ယခုလိုအချိန်ကာလမှာ နိုင်ငံသား လွတ်လပ်ခွင့်တွေကို ချုပ်ကိုင်ထားတော့ တိုင်းပြည်ကိုဘယ်လိုများ ထူထောင်ဆောင်ရွက်ကြမှာလဲလို့ မေးချင်ပါတယ်”ဟု ဟောပြောပွဲစီစဉ်မှုဖြင့် ကနဦး တရားရင်ဆိုင်နေရသူ မကွေးတိုင်း(NLD)အတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမကို ပြောသည်။

မင်းဘူးမြို့တွင် ဇွန် ၃၀ ရက်က ပြုလုပ်သည့် ပုဒ်မ ၄၃၆ ဟောပြောပွဲတွင် ၈၈၊ ငြိမ်း/ပွင့်ခေါင်းဆောင် ဦးမင်းကိုနိုင်က မကွေးတိုင်းသည် စစ်အာဏာရှင်လက်ထက် အုပ်ချုပ်ရေးပုံစံအတိုင်းသာ ကျင့်သုံးနေဆဲ ဖြစ်သည်ဟု ဝေဖန်ခဲ့သေးသည်။ 

“တိုင်းနဲ့ပြည်နယ် အားလုံးထဲမှာ မကွေးက အဆိုးဆုံးဖြစ်နေတယ်”ဟု ၎င်းက သုံးသပ်ခဲ့ခြင်းဖြစ်သည်။ စာပေ ဟောပြောပွဲများ၊ အလှူအတန်း ပွဲလမ်းသဘင်များပင် မကွေးတိုင်းအတွင်း တရားဝင်ခွင့်ပြုချက်ဖြင့် ကျင်းပနိုင်ခြင်းမရှိသည်ကို ထောက်ချင့်၍ ၎င်းက ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။


Mizzima

No comments:

Post a Comment