Wednesday, July 2, 2014

ဖွဲ့စည်းပုံပြင်ရေး မြန်ရန် ကော်မတီအစည်းအဝေးများ တစ်ပတ် သုံးကြိမ်အထိ လုပ်ရန် ဦးရွှေမန်း ညွှန်ကြား

နိုင်ငံအတွက် အရေးတကြီးပြင်ဆင်ရန် လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး၊ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို တစ်ပတ်လျှင် သုံးကြိမ်အထိ ကျင်းပသွားရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။

သူရဦးရွှေမန်းက“ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းဆိုင်ရာကော်မတီဖွဲ့စည်းပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အခုဆိုရင်တစ်ပတ်မှာ တစ်ကြိမ်အနည်းဆုံးအစည်းအဝေး ပြုလုပ်ပါလို့ဆိုတဲ့ နေရာမှာ တစ်ပတ်မှာ တစ်ကြိမ်နဲ့ မလုံလောက်တဲ့အတွက် တစ်ပတ်မှာ သုံးကြိမ်ပြုလုပ်ဖို့ ဖြစ်ပါတယ်”ဟု ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်တွင် ရန် ကုန်တိုင်း၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဦး၏ မေးခွန်းများ မေး မြန်းမှုအပြီး သူရဦးရွှေမန်းကပြော ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ရန် ရည်ရွယ်ချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည့် အင်န်အယ်လ်ဒီပါတီသည် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဦးဆောင်၍ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လူထုလက်မှတ်ရေးထိုးမှုကို ပြုလုပ်လျက် ရှိပြီး ၁၈ ရက်အလိုတွင် ပြောခြင်းဖြစ်သည်။

အဖွဲ့ဝင် ၃၁ ဦးပါ အဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များအား လွှတ်တော်အစည်းအဝေးတက်ရန်မလိုဘဲခွင့်တိုင်ကာ ဆောင်ရွက်ခွင့်ပြုထားသည်ဟုလည်း သူရဦးရွှေမန်းကပြောသည်။

ယင်းကော်မတီဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “လွှတ်တော်အနေနဲ့က အရှိန်မြှင့်တယ်ဆိုတာထက် အချိန်မီပြီးအောင်လုပ်တဲ့ သဘောလို့ နားလည်ပါတယ်”ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မခင် ခြောက်လခန့်အလိုတွင် ပြင်ဆင်နိုင်ရန် ညွှန်ကြားထားသည်ဟုလည်း ဦးဝင်းမြင့်က ပြောသည်။

၎င်းက “လွှတ်တော်နားချိန်မှာကျန်တဲ့ ကိုယ်စားလှယ်တွေ ကိုယ့်နယ်ကိုယ်ပြန်ကြရပေမယ့် ကျွန်တော်တို့ မပြန်ဘဲနဲ့ လုပ်ကြရမယ်”ဟု ဖြည့်စွက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ်ကို ၀က်လက်မြို့နယ် အမတ် ဦးအေးမြင့်က ၂၀၁၃ ခုနှစ်၊ ဇွန်လက တင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်။

Mizzima

No comments:

Post a Comment