Wednesday, July 9, 2014

မန္တလေးမြို့အတွင်း တင့်ကားများမောင်းနှင်သွား၍ လူထုထိတ်လန့်မှုဖြစ်ပွား


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့အတွင်း၌ တင့်ကားများ မွန်းတည့်အချိန် ဖြတ်သန်းမောင်းနှင် သွားသောကြောင့် ဒေသခံများ ထိတ်လန့်ကာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ စုံစမ်းမေးမြန်းမှုများရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ဆိုသည်။

ချမ်းအေးသာဇံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မန္တလေးမြို့၏ လက်ရှိအခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊ စစ်တပ် တင့်ကားများဖြတ်သန်းသွားမှုနှင့် ပတ်သက်ပြီး ကောင်းသည်များမရှိသလို၊ ဆိုသည်များလည်းမရှိကြောင်း သုံးသပ်သွားသည်။


မန္တလေးနန်းတွင်း ၁၉ လမ်းနှင့် ၆၆ လမ်းရှိ တံတားမှ စစ်ကားများထွက်လာခြင်းမှာ အမှတ် ၅ဝဝ၂ ၊ တင့်ကားတပ်ရင်းနှင့် သံချပ်ကာ သင်တန်းကျောင်း (မိတ္ထီလာ) က နေရာရွေ့ပြောင်းခြင်းသာဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းကဆိုသည်။

"လက်ရှိပြဿနာတွေကြောင့် လူတွေက ထိတ်လန့်နေချိန်မှာ နေ့ခင်းဘက်တင့်ကားတွေတန်းစီပြီး မြို့ထဲ လှည့်သွားသလိုဖြစ်တော့ ထိတ်လန့်ကြတာပေါ့။ တာဝန်အရ ပြောင်းရွှေ့တာလို့ ကြားမိတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မရခဲ့ဘဲ ၎င်းတို့နှင့် နီးစပ်သူတစ်ကပြောသည်မှာ နန်းမြို့တွင်း၌ လုံခြုံရေးတာဝန်ယူရန်ရောက်ရှိနေသော စစ်တပ်က ပြောင်းရွှေ့ခြင်းသာဖြစ်ပြီး၊ ထိုမှ တဆင့် ၎င်းတို့တပ်ရင်းရှိရာသို့ ဆက်လက်ထွက်ခွာမည်ဟုဆိုသည်။

အဆိုပါတပ်များသည် စစ်တပ်သုံးယာဉ် ၆ စီး၊ စစ်ကား အစီး ၂ဝ ဝန်းကျင်ဖြင့် ဇူလိုင်လ ၉ ရက် မွန်းတည့် ၁၂ နာရီ ကျော်တွင် မန္တလေးနန်းတွင်းမှ မျက်ပါးရပ်ရှိ စုဆောင်းရေးတပ်ဆွယ်သို့ ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းကိစ္စကို နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးမှ အတည်ပြုချက်မပေးပေ။

Mizzima

1 comment:

  1. တင့်ကားတစ်စီးမှမပါဘူး

    ReplyDelete