Sunday, July 27, 2014

လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များကို ဖိနှိပ်နေမည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာမည်မဟုတ်ကြောင်း ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ ပြောကြား

လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များကို ဖိနှိပ်နေမည်ဆိုပါ က ၂ဝ၁၅ ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်း(င်)ဟီးလီက ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

ယူနတီဂျာနယ်မှ ဂျာနယ်လစ် လေးဦးနှင့် အယ်ဒီတာတစ်ဦးတို့အား ၁၉၂၃ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်
၁ဝ နှစ်ချမှတ်ပြီး နောက်တွင် မြန်မာပြည်ကို မိမိအနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ ယင်းစီရင်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် ဂျာနယ်လစ်အယောက် ၅ဝ ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း၊ အစိုးရ အကျင့်ပျက်ခြစား မှုများကဲ့သို့ ထိလွယ်ရှလွယ်သော အရေးကြီးသည့် ကိစ္စရပ်အပေါ် သတင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ဂျာနယ်လစ်များကို ဖမ်းဆီးမှုများ ရှိကြောင်းကို မိမိအနေဖြင့် ကြားသိခဲ့ရကြောင်း မစ္စရန်း(င်)ဟီးလီက ပြောကြားသည်။

ထို့အပြင် ဥပမာအားဖြင့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်၍ သတင်းဖော်ပြရန် ကြိုးစားခဲ့သည့်အပေါ် ခြိမ်းခြောက်ခြင်း အစရှိသဖြင့် ဂျာနယ်လစ်များကို ခြိမ်းခြောက်ခံရခြင်းများ၊ ဖိနှိပ်မှုများမှုများ ရှိနေသည်ကို ကြားသိရကြောင်း၊ လက်ရှိအခြေအနေအရ မသေချာမရေရာမှုများ၊ ဖိနှိပ်မှုများ၊ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့မှုများကြောင့် မီဒီယာများအနေဖြင့် ကိုယ်တိုင်ဆင်ဆာ ဖြတ်တောက်ခြင်း (Self-censorship) များ ဖြစ်ပေါ်နေသည်ဟု အများစုက ပြောပြကြကြောင်း မစ္စရန်း(င်)ဟီးလီက ဆိုသည်။

“သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်တွေက မြန်မာ့ဒီမိုကရေစီအတွက် မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်တဲ့အပြင် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးငြင်းခုံဖို့ ဖြေရှင်းဖို့ အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ အလွန်အရေးပါတဲ့ ကိစ္စတွေဖြစ်တယ်။ ဒီမိုကရေစီစံနှုန်းတွေ၊ စည်းမျဉ်းတွေ ပိုမိုအားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် ရွေးကောက်ပွဲကာလဆိုတာ အလွန်အရေးကြီးတဲ့ အချိန်တွေပါပဲ။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတဲ့ တစ်ချက်လောက်က ဒီမိုကရေစီရှိတယ်လို့ လုံလောက်တဲ့ ညွှန်ပြချက် မဟုတ်ဘူး။ ရွေးကောက်ပွဲကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ကသာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို မတရားနှောင့်ယှက်မှုမှ ကာကွယ်ရန် တင်းကျပ်ပြီးတိကျတဲ့ အကာအကွယ်တွေ ပြုပေးရမယ်။ အထူးသဖြင့် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖော်ပြခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို ကာကွယ်ပေးရမယ်။ အကယ်၍ ဒီအခွင့်အရေးတွေကို ဖိနှိပ်နေမယ်ဆိုရင် စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု မစ္စရန်း(င်)ဟီးလီက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များက ဖော်ပြသကဲ့သို့ ဥပဒေဆိုသည်မှာ အားနည်းချက်များရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မညီပါက ပြုပြင်ပြောင်းလဲနိုင်ကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေသည် ခြွင်းချက်တစ်ခု မဖြစ်သင့်ကြောင်း မစ္စရန်း(င်) ဟီးလီက ထည့်သွင်းပြောကြားသည်။

ယင်းအပြင်မစ္စရန်း(င်)ဟီးလီက ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ နောက်ဆုတ်သွားမည်ကို စိုးရိမ်မိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် လိုအပ်ကြောင်း၊ တိုင်းပြည်၏ရေးရာများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တိုးမြှင့်သင့်ကြောင်း၊ ကချင်စစ်ဘေး ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့အစည်း နှစ်ခုအကြား တင်းမာမှုလျှော့ချရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့သည် အရေးကြီးကြောင်းတို့ ပါဝင်သည်။

မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ အမုန်းတရားများ ပွားစေသော ရေးသားမှုများကို ထိန်းချုပ်ရန် လိုအပ်ကြောင်းနှင့် ထပ်မံရေးသားမှုများ မရှိစေရန် တိကျသောဥပဒေ တစ်ရပ်ကိုရေးဆွဲပြီး ထိန်းချုပ်သင့်ကြောင်း၊ သို့သော် ထိုဥပဒေသည် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်သည့် အနေအထား မရောက်စေသင့်ကြောင်း စသည်ဖြင့် ပြောကြားသည်။

မစ္စရန်း(င်)ဟီးလီသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၁၆ ရက်ညပိုင်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အင်းစိန်အကျဉ်းထောင်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးများသို့ သွားရောက်လေ့လာခဲ့ကာ နေပြည်တော်၌ အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနအကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၆ ရက်ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။

ဇူလိုင် ၂၆ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မစ္စရန်း(င်)ဟီးလီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်း(င်)ဟီးလီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

Eleven Media group

No comments:

Post a Comment