Thursday, July 3, 2014

ရာထူးက ဖယ်ရှားခံရခြင်းကို သမ္မတသိရန် ပြည်သူ့လွှတ်တော်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မည်

တရားဥပဒေကို ကိုင်တွယ်နေရသည့် တရားသူကြီးတစ်ဦးက အဂတိတရား ကင်းစင်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကို နိုင်ငံတော် သမ္မတနှင့် ပြည်သူအများ သိစေရန် ပြည်သူ့လွှတ်တော်အဆောက်အအုံရှေ့တွင် ဇူလိုင်လအတွင်း တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သွားမည်ဟု မုံရွာခရိုင် တရားရုံး၊ ဒု-ဦးစီးအဖြစ်မှ ရပ်စဲခံခဲ့ရသူ ဦးမင်းသော်ထွေးမှ မဇ္ဈိမကို ပြောသည်။

“တရားသူကြီးတစ်ယောက်အနေနဲ့ အဂတိမစားဘဲနဲ့ မမှန်မကန်လိမ်ညာ ချောက်တွန်းပြီး တိုင်လို့ ခဏခဏ အရေးယူခံရတယ်။ နစ်နာခံရတယ်။ ရာထူးတိုးတာကို ရပ်ဆိုင်းခံရတယ်။ အခုလို လိမ်ညာအတိုင်ခံရတာတွေက မဟုတ်ပါဘူးဆိုတဲ့အကြောင်း သက်သေတွေနဲ့ အထက်လူကြီးတွေကို တင်ပြတယ်။ ဘာမှထူးခြားမလာတဲ့အတွက် နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကော်မတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေထံကို တင်ပြတယ်။ ဒါကို ဌာနကို ကျော်ပြီးတော့ တင်ပြတယ်ဆိုပြီး၊ ဇွန်လ ၁၆ ရက်မှာ ဒု-ဦးစီးအဖြစ်က နေရပ်စဲခံလိုက်ရတယ်”ဟု ဦးမင်းသော်ထွေးက ပြောသည်။
၂၀၁၁ ခုနှစ်၊ အရာတော်မြို့နယ်၊ တရားရုံးတွင် ဒုတိယမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တရားခွင်တွင် ခေါင်းပေါင်း မပေါင်းခြင်း၊ NLD ပါတီဥက္ကဋ္ဌနှင့် စကားပြောခြင်းများကို နိုင်ငံရေးလုပ်သည်ဟု အတိုင်ခံရသည့်အတွက် နေပြည်တော် တရားသူကြီးချုပ်က အပြစ်ပေးခဲ့သည်ဟု ဆိုသည်။

“ရာထူးတိုး ရပ်ဆိုင်းခံရတယ်။ ၂၀၁၂ ခုနှစ်မှာ စစ်ကိုင်းတိုင်း တရားရုံးကို ရွှေ့ပြောင်းခံရပြီး၊ သုံးလ တာဝန်က နေရပ်စဲခံရတယ်။ ၂၀၁၃ ခုနှစ်မှာ ချင်းပြည်နယ် မတူပီမြို့နယ်မှာ ငါးလလောက် တာဝန် ထမ်းဆောင်ပြီး မုံရွာကို ပြောင်းခဲ့ရတယ်။ အဲဒီကနေပြီး ကိုယ့်အထက် အကြီးအကဲကို ကျော်လွန်ပြီးတော့ တိုင်လို့ဆိုပြီး တာဝန်ကနေပြီး ရပ်စဲခံခဲ့ ရတယ်။ မှန်မှန်ကန်ကန်လုပ်ရဲ့သားနဲ့ အခုလို အပြစ်ပေးခံရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဒီလိုခံစားခဲ့ရတာကို သမ္မတကြီးနဲ့ တစ်နိုင်ငံလုံး သိဖို့ ဒီလ နောက်ဆုံးပတ်လောက်တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သွားမယ်ဟု” ၎င်းက ပြောသည်။

Mizzima

No comments:

Post a Comment