Monday, July 28, 2014

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အသက်ခြောက်ဆယ်ထက် ပို၍ တိုးမြှင့်မည် မဟုတ်ဟုဆို

အစိုးရအသက်ပြည့် ပင်စင်ကို အသက် ၆၀ ထက်ပို၍ တိုးမြှင့် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ က ပြောကြား သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောင်မဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေ၏ အစိုးရ သက်ပြည့်ပင်စင်ကို အသက် ၆၀ အစား ၆၃ နှစ်ပြည့်အထိ တိုးမြှင့်သတ်မှတ် မည်ဆိုသည်မှာ မှန်ကန်မှု ရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက
အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေ ၂၃၀ တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစား ယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အသက် ၆၀ နှစ် ပြည့်သည့်နေ့ရက် ဖြစ်သည်ဆိုပြီး အတိအကျ ဖော်ပြထားပါကြောင်း ဦးကျော်သူက ပြောဆိုသည်။

“ဝန်ထမ်းအသက်ကို ၆၀ ပြည့်လို့ သတ်မှတ်ထားတာကနေ နှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု မရှိပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေက ဝန်ထမ်းများကို အသက် ၆၃ နှစ်ပြည့်မှ ပင်စင်ပေးရန်အတွက် ဝန်ကြီးဌာနတွင် စာရောက်ရှိပြီ ဆိုသော ကောလာ ဟလများ ဖြစ်ပေါ်နေကြောင်း ပြော ကြားသည်။

ထို့အပြင် ဝန်ထမ်းများ ခန့်ထားခြင်းကို အသက် ၂၅ နှစ် သတ်မှတ်ထားသော် လည်း အသက်တိုးမြှင့် သတ်မှတ်ပေးနိုင်ရန်မှာ သက်ပြည့်ပင်စင် ပေးရမည် ဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ပြီး အသက် လျှော့ချ သတ်မှတ်ပေးရန်မှာလည်း အသက်ငယ်ရွယ်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနိုင်သည့်အတွက် အသက် ကန့်သတ်ချက်ကို လျှော့ပေါ့ခြင်း မပြုနိုင်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment