Friday, July 4, 2014

မန္တလေးပဋိပက္ခမဖြစ်ပွားမီ အင်တာနက်တွင် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့

အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်  ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက်နှင့် ၂ ရက်ညများတွင် ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်ညနေတွင် မန္တလေးခရိုင် ထွေ/အုပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာလိုက်သည်။

အရက်သေစာသောက်စား ထားသည့် ဆိုင်ကယ်စီးလူငယ် များ၊ တုတ်၊ ဓားများကိုင်ဆောင် ထားကြသော လူအုပ်များက ည အချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများပြုလုပ်ကြသည်။ နေ့ အချိန်တွင် မန္တလေးမြို့မှာ ပုံမှန်အတိုင်း အေးချမ်းတည်ငြိမ်စွာရှိနေသော်လည်း ညအချိန်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့်  အဆောက်အအုံနှင့် ကားအချို့မီးရှို့ဖျက်ဆီးခံရမှုများ ရှိပြီး လူများထိခိုက်ဒဏ်ရာရရှိ ခြင်းနှင့် ဇူလိုင် ၂ ရက် ညတွင် လူနှစ်ဦးသေဆုံးပြီး  နှစ်ရက်ပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။
မန္တလေးပဋိပက္ခသည် မိတ္ထီ လာဖြစ်စဉ်ကဲ့သို့ပင် သာမန်မူ ခင်းဖြစ်စဉ်တစ်ခုမှ စတင်ခြင်းဖြစ် သည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ဦးက ၎င်းတို့ဆိုင်တွင် ထမင်းချက်အလုပ်လုပ်ကိုင်နေသောဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည်ဆိုသော သတင်းမှ စ တင်ခဲ့ခြင်းဖြစ်သည်။
သာမန်မူခင်းဖြစ်စဉ်တစ်ခု အပေါ် အခြေတည်ဖြစ်ပေါ်ခဲ့ သော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ဖြစ်ပွားသော
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်အုပ်စုဖွဲ့အကြမ်း ဖက်မှုများအပေါ် တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လှုံ့ ဆော်ဖန်တီးသည်ဟု မြို့ခံအများစုက သံသယရှိသည်။
  အဓမ္မပြုကျင့်မှု သတင်း ထွက်ပေါ်လာသည့် ဇွန်လ ၂၈ ရက် နောက်ပိုင်းကတည်းက မန္တလေးမြို့တွင် ကောလာဟလများ ဆက်တိုက်ပျံ့နှံ့နေခဲ့သည်။ အုပ်စုဖွဲ့အကြမ်းဖက်မှုများ မဖြစ်ပွားမီ ဇူလိုင် ၁ ရက် နေ့လယ်တွင် အင်တာနက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဘာသာရေးအစွန်းရောက်သည့် အကြမ်းဖက်မှုကို ဦးတည်သွားစေနိုင်သည့် လှုံ့ဆော်သွေးထိုးမှုများ  ဆက်တိုက်ပြုလုပ်မှုများရှိလာသည်။ ဇူလိုင် ၁ ရက်က အင်တာနက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မန္တလေးမြို့၌ ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွှယ်သည့်  အကြမ်းဖက်မှုများလုပ်ဆောင်မည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။ မန္တလေးမြို့ခံဖေ့စ်ဘွတ်ခ်သုံးစွဲသူ အချို့ကမန္တလေးမြို့အား မီးလောင်တိုက်သွင်းမည်၊ အကြမ်းဖက်ဖျက်ဆီးမှုများပြုလုပ်မည်ဆိုသည့် ကောလာဟလသတင်းကို ပြန်လည်မျှဝေမှုများ ပြုလုပ်ခဲ့ကြသည်။ မန္တလေးမြို့မှ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်လူငယ် အချို့ကလည်းဇူလိုင် ၁ ရက် နေ့ လယ်ပိုင်းတစ်ချိန်လုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ဘာသာရေးအစွန်းရောက်သည့် စကားလုံး အသုံးအနှုန်းများဖြင့် အပြန်အလှန်ဆဲဆိုတိုက်ခိုက်လျက်ရှိနေခဲ့ကြသည်။
  ဇူလိုင်  ၁ ရက် ည ၇နာရီ ခန့်တွင်မူ အဓမ္မပြုကျင့်မှုဖြစ်ပွား သည်ဟု စွပ်စွဲခံထားရသော အစ္စလာမ်ဘာသာဝင်ညီအစ်ကိုနှစ်ဦးပိုင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ ဆန်းကဖေးလက်ဖက်ရည်ဆိုင်ကို သံဃာအချို့နှင့် လူအုပ်စုမှ လာရောက်ဖျက်ဆီးမည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ ရဲတပ်ဖွဲ့အ နေဖြင့်လည်း ယင်းသတင်းများကြိုတင်ရရှိခဲ့သည်ဟု တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။ ထို့ကြောင့် ယင်းနေရာအနီးတွင် ရဲတပ်ဖွဲ့လုံခြုံရေးရယူဆောင်ရွက်ခဲ့သည်။
ည ၇ နာရီမထိုးမီအချိန်တွင် လုံခြုံရေးဆောင်ရွက်နေသော ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက ကောလာဟလသတင်းများအ တိုင်းအမှန်တကယ်ဖြစ်မလာမီ ဆိုင်ခေတ္တပိတ်ထားပေးပါရန် ဆန်းကဖေးလက်ဖက်ရည်ဆိုင် မိသားစုအား သွားရောက်ပြောဆိုခဲ့ရာမှ စတင်ကာ လူစုလူဝေးတစ် ခုစတင်ဖြစ်ပွားသည်။ ည ၇ နာရီ ခွဲချိန်ခန့်တွင် ၎င်းဆိုင်အနီးရှိ ဗလီတွင်ဥပုသ်ဝင်ပြီး  ဥပုသ်ဖြေသူ အစ္စလာမ်ဘာသာဝင်များနှင့် ၎င်း ဆိုင်သို့ လာရောက်စားသောက် လေ့ရှိသူအချို့က ဆိုင်ပိတ်ထား သဖြင့် ဆိုင်ဖွင့်ပေးရန်  လာ ရောက်ပြောဆိုကြရာမှ  အခြား လာရောက်ကြည့်ရှုသူများအပါ အ၀င် လူတစ်ရာခန့်အထိ လူစု လူဝေးဖြစ်ခဲ့သည်ဟု တိုင်းရဲတပ် ဖွဲ့က ထုတ်ပြန်သည်။
ယင်းလူစုလူဝေးသည် လူစုကွဲမသွားတော့ဘဲ ဇူလိုင် ၁ ရက် ည ၁၀ နာရီကျော်အချိန်တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ပြုလုပ် သည်။ လုံခြုံရေးယူထားသောရဲတပ်ဖွဲ့ဝင်များကိုခဲဖြင့် ပစ်ပေါက်သည်။ အဆောက်အအုံအချို့ကို ဖျက်ဆီးသည်။  လူအုပ်စုမှာ နောက်တစ်နေ့နံနက် ၃ နာရီကျော်မှသာ လူစုကွဲသွားခဲ့သည်။
အကြမ်းဖက်အုပ်စုများတွင်သံဃာ ၃၀ ခန့်ပါဝင်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သို့သော် ၎င်းသံဃာများ မည်သည့် ကျောင်းတိုက်က ဆိုသည်ကိုမူ ရဲတပ်ဖွဲ့မှပြောဆိုခြင်းမရှိပေ။
အထက်မြန်မာပြည် မြန်မာ နိုင်ငံလုံးဆိုင်ရာသံဃသမဂ္ဂအဖွဲ့ ချုပ်က ဇူလိုင် ၂ ရက် နေ့လယ်တွင် သတင်းစာရှင်းလင်းပွဲ  ပြုလုပ် သည်။ ၎င်းတို့သံဃာထုအနေဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိကြောင်းနှင့် ထိုသို့ အကြမ်းဖက်မှုများ  အမြန်ဆုံး တည်ငြိမ်အေးချမ်းစေလိုသည်ဟု မိန့်သည်။ အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်မှ နာယကဆရာတော် ဦးကာဝိယ(ဂဠုန်နီ)အပါအ၀င် သံဃာအပါးတစ်ရာကျော် မှ အုပ်စုဖွဲ့ အကြမ်းဖက်မှုဖြစ်ပွားနေသောနေရာများသို့ သွားရောက်ကာ အာဏာပိုင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။
 ဇူလိုင် ၁ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ဈေးချိုအနီးတစ်ဝိုက်တွင် ရပ်နားထားသော ကား ၁၀ စီး ကားမှန်များရိုက်ခွဲခံရခြင်းနှင့် ဟိုင်းလပ်ကားတစ်စီး၏ ခေါင်းခန်းမီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက  ထုတ်ပြန်သည်။  အစ္စလာမ်ဘာသာဝင်အချို့ကမူ ၎င်းတို့၏ ဗဟိုဗလီမီးကွင်းပစ်ခံရသည်ဟု ပြောကြားခဲ့သည်။
အုပ်စုဖွဲ့အကြမ်းဖက်မှုများ သည် ဇူလိုင် ၂ ရက် ညပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ည ၁၁ နာရီနောက်ပိုင်းတွင် အကြမ်းဖက်ဖျက်ဆီးသည့် ထူးခြားဖြစ်စဉ် ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တိုင်း အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးကပြောသည်။
အကြမ်းဖက်မှုများကြောင့် အမျိုးသား နှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ကျန်တစ်ဦးမှာမွတ်စလင်ဖြစ်ပြီး ကိုထွန်းထွန်းနှင့် ဦးစိုးမင်းတို့ဖြစ်သည်။ ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဇူလိုင် ၃ ရက်အထိလေးဦးကို ဖမ်းဆီးထားသည်။ ည  ၁၂ နာရီ ၁၀ မိနစ်တွင် မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅လမ်းတစ်လျှောက်ထွန်းထွန်းဆိုသူနှင့်  အခြားအမျိုးသားတစ်ဦးဆိုင်ကယ်စီးလာရာ ချမ်းအေးသာစံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စုက ၀ိုင်းဝန်းရန်ပြုခြင်းခံရသည်။ထွန်းထွန်းမှာ  လည်ပင်းပြတ်ရှဒဏ်ရာအပါအ၀င် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး သေဆုံးမှုကိုအမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဇူလိုင်လ ၃ ရက် နံနက် ၄ နာရီခန့်တွင် ချမ်းအေးသာစံမြို့ နယ် အောင်နန်းရိပ်သာရပ်နေ စက်ဘီးဆိုင်ဖွင့်သည့် အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦး ဆိုင်သို့လာရာ ၂၉ လမ်းနှင့် ၈၃ လမ်းထောင့်အရောက်တွင် လူ တစ်စုက ရန်ပြုတိုက်ခိုက်ပြီး ရန်ပြုခံရမှုကြောင့် ဦးခေါင်းနှင့် နားထင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။ ၎င်းအမှုအား ချမ်းအေးသာစံမြို့နယ်အမှတ် (၆) ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဆိုင်ကယ်စီးလူတစ်စုက ဈေး ဆိုင်ခန်းနှင့် အဆောက်အအုံအ ချို့ မီးရှို့ဖျက်ဆီးရန် လုပ်ဆောင် ခဲ့သော်လည်း တားဆီးနိုင်ခဲ့သည်။ အကြမ်းဖက်သည့်  လူအုပ်စုများ  မှာ နံနက် ၄ နာရီနောက်ပိုင်းတွင်  လူစုကွဲသွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။  ဇူလိုင် ၂ ရက် ညပိုင်းအုပ်စုဖွဲ့အကြမ်း ဖက်မှုများအပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လူလေးဦးကို ဖမ်းဆီး ထားသည်ဟု မန္တလေးတိုင်းရဲမင်း ကြီး ရဲမှူးကြီး ဇော်ဝင်းအောင်က ပြောသည်။
လက်ရှိတွင် မန္တလေးမြို့ လုံ ခြုံရေးအတွက် ရဲတပ်ရင်း နှစ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။
နှစ်ညတာ အုပ်စုဖွဲ့အကြမ်း ဖက်မှုများကြောင့် လူနှစ်ဦးသေ ဆုံးပြီး လူနှစ်ဆယ်နီးပါးထိခိုက် ဒဏ်ရာများရရှိပြီး  အချိန်ထိ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လုံခြုံရေးဆိုင်ရာကိုင် တွယ်ဆောင်ရွက်မှုများအား လွန် စွာအားနည်းနေသည်ဟု မြို့ခံ များက ဝေဖန်သည်။ ပထမဦး ဆုံးညက အကြမ်းဖက်မှုများဖြစ် ပွားပြီးနောက်  မန္တလေးမြို့ခံ အစ္စ လာမ်ဘာသာဝင်အချို့က ၎င်းတို့ ၏ လုံခြုံရေးအတွက် အထူးစိုးရိမ် ခဲ့ပြီး ညမထွက်ရအမိန့် (သို့) ည ပိုင်းလုံခြုံရေးအား  အထူးကြပ် မက်ဆောင်ရွက်ပေးရန် ဆန္ဒရှိခဲ့ ကြသည်။ နှစ်ညဆက်တိုက်ဖြစ် ပွားနေသော အုပ်စုဖွဲ့အကြမ်း ဖက်မှုများကြောင့် မန္တလေးမြို့ခံ အများစုမှာ ညအချိန်ရောက်ရှိ လာမည်ကို စိုးရိမ်လျက်ရှိနေကြ သည်။
ပဋိပက္ခများစတင်ဖြစ်ပေါ် စေခဲ့သည့် မုဒိမ်းမှုမှ အဓိကသံသ ယရှိသူများအား ယနေ့တိုင် ဖမ်း ဆီးရမိခြင်းမရှိသေးကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မန္တလေးမြို့ရှိ နေကဖေးနှင့် ဆန်းကဖေးလက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးနေ၀င်း (၃၈) နှစ် နှင့် ဦးဆန်းမောင် (၃၅) နှစ်တို့ ညီအစ်ကို နှစ်ဦးသည် ၎င်းတို့ လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော အမျိုးသမီး ငယ်တစ်ဦးအား နေပြည်တော် တွင် ဆိုင်သစ်ဖွင့်ရန်အတွက်ဟု ဆိုကာ ကားဖြင့် တင်ဆောင်ခေါ် ယူလာပြီး ပျဉ်းမနားမြို့အနီးတွင် အဓမ္မပြုကျင့်ခဲ့သည်ဟူ၍ စွပ်စွဲခံ ထားရသည်။ ၎င်းတို့နှစ်ဦးအား အဓမ္မပြုကျင့်မှုအတွက် အရေးယူ ပေးပါရန် အမျိုးသမီးငယ်က တိုင် ကြားထားပြီး ပျဉ်းမနားမြို့မရဲစ ခန်းတွင် (ပ)၂၉၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည် ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။   ပျဉ်းမနားရဲစခန်းနှင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အမှုဖွင့်ခံထားရသူများရှာဖွေဖော်ထုတ်ဖမ်းဆီးရ မိရေး  ဆောင်ရွက်နေသည်ဟု ဆိုသည်။
အဓမ္မပြုကျင့်ခံရသည့် မစိုး စိုးဆိုသည့် အမျိုးသမီးမှာ မေလ ၂၈ ရက်တွင် ဆန်းကဖေးလက် ဖက်ရည်ဆိုင်၌ အကူထမင်းချက်အနေဖြင့် အလုပ်စ၀င်ပြီး တစ်လပြည့်သည့် ဇွန်လ ၂၈ ရက်တွင်အဓမ္မပြုကျင့်ခြင်းခံရသည်ဟုဆိုသည်။ မစိုးစိုးသည် ဘုတလင်မြို့ဇာတိဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ကာ ကလေးတစ်ဦးထွန်းကားခဲ့သည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်က  အိမ်ထောင်ကွဲ သွားခဲ့ပြီး ယခုကဲ့သို့လက်ဖက် ရည်ဆိုင်သို့ လာရောက်အလုပ် လုပ်ကိုင်စဉ် အဓမ္မပြုကျင့်ခံရ သည်ဟု ထွက်ဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုးက ပြောသည်။ လက်ရှိတွင် မစိုးစိုးသည် ပျဉ်းမနားရဲစခန်း တွင် ရှိနေပြီး မူခင်းဖြစ်စဉ်အတွက်  စစ်ဆေးမှုများလုပ်ဆောင်နေ သည်ဟု ၎င်းကဆိုသည်။
‘‘တရားခံဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် အစွမ်းကုန်ကြိုး စားဆောင်ရွက်နေတယ်။ ပြီးလျှင် ကျူးလွန်ထားတဲ့ပြစ်မှုအရ ထိ ရောက်သော ပြစ်ဒဏ်ချမှတ်ရေး ဆောင်ရွက်မည်’’ဟု မန္တလေး တိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ကပြော သည်။
လူသေဆုံးသည်အထိ ဖြစ် ပွားခဲ့သည့် အကြမ်းဖက်မှုများအ ပြီး မန္တလေးမြို့သည် အနည်း ငယ်ခြောက်သွေ့သွားသည်။ ဈေးနှင့်ကျောင်းများ ပုံမှန်အတိုင်း ဖွင့် လှစ်ထားသော်လည်း မန္တလေး မြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဈေးဆိုင်အများစု ပိတ်ထားသည်။ ကောလာဟလများ ဆက်တိုက်ထွက်ပေါ်နေပြီး မြို့ခံ အချို့လည်း စိုးရိမ်လျက်ရှိသည်။
 ဇွန်လ ၃ ရက် ညနေပိုင်း တွင်မူ မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မန္တလေး မြို့ဧရိယာအဖြစ် သတ်မှတ်သော မြို့နယ် ခြောက်မြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ည မထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ် ပြန်ခဲ့သည်။
နှစ်ညဆက်ဖြစ်ပွားခဲ့သော မန္တလေးမြို့အုပ်စုဖွဲ့အကြမ်းဖက် မှုများသည် ပုဒ်မ ၁၄၄ ကြောင့် တည်ငြိမ်သွားမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
 7 Day Daily

No comments:

Post a Comment