Monday, July 14, 2014

သမ္မတကို ဆန္ဒထုတ်ဖော်ခဲ့သော သတင်းထောက် ၅၀ ဦး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

မီဒီယာလွတ်လပ်ခွင့် ရရှိရန် မြန်မာငြိမ်းချမ်းရေး စင်တာတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒထုတ်ဖော်ခဲ့သော သတင်းထောက်များကို ကမာရွတ်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


ဇူလိုင်လ ၁၂ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားခြင်း ဖြစ်ပြီး ပါဝင်သူများကို ဓာတ်ပုံ မှတ်တမ်းများဖြင့် ရှာဖွေကာ အရေးယူသွားရန် ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

တရားစွဲဆို ခံရသူများတွင် ဒေါ်ရွှေမှုန် (သမဂ္ဂသတင်းဂျာနယ်)၊ ဦးအောင်သူရ (7 Day ဂျာနယ်)၊ ဦးဖိုးတုတ် (ကမာရွတ်တိုင်းဂျာနယ်) တို့ကိုသာ အမည်တပ် အမှုဖွင့်ရသေးပြီး ပါဝင်သည့် လူပုဂ္ဂိုလ် ၅၀ ကို ထပ်မံ ဖော်ထုတ်ရဦးမည် ဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်၍ ဥပဒေဖြင့် မညီသည့်အတွက် ဥပဒေကို ချိုးဖောက်သည့် သဘောရှိသော်လည်း သမ္မတကြီး လာသည့်အချိန်ကို ပြရသည်ဖြစ်၍ လက်လွတ်ခံ၍ မရသည့် အခြေအနေတွင် ရှိကြောင်း၊ သမ္မတကြီး၏ သဘောဆန္ဒအပေါ်တွင် မူတည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြားသည်။

ဖြစ်လာသည့် အခြေအနေပေါ်တွင် ရင်ဆိုင်ရန် အသင့်ရှိပြီး ယခုကဲ့သို့ ဖြစ်လာမည်ဟု စဉ်းစားထားပြီး ဖြစ်ကြောင်း ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသည့် 7 Day ဂျာနယ်မှ သတင်းထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။

မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံသည့်ပွဲကို သတင်းသမားများက သတင်းမယူဘဲ တူညီဝတ်စုံများဝတ်ကာ မတ်တတ်ရပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ပခုက္ကူခရိုင် တရားရုံးက ဇူလိုင်လ ၁၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းနှင့် Bi မွန်းတည့်နေ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးနိုင်စိုင်းအောင်၊ အယ်ဒီတာ အဖွဲ့ဝင်များဖြစ်သည့် ဦးရဲမင်းအောင်၊ ဦးဝင်းတင်နှင့် သတင်းထောက် မင်းဝသာန်တို့ကို ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်ထားခြင်းတို့ကြောင့် သမ္မတကို ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ သတင်းသမားများက ပြောဆိုသည်။

ထောင်ဒဏ် ချမှတ်ခံရသည့် ယူနတီဂျာနယ် သတင်းထောက် များကို ပြစ်ဒဏ်လျှော့ပေါ့ ပေးရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်တန့်ရန် ဇူလိုင်လ ၁၂ ရက်နေ့တွင် သတင်းထောက်များ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment