Saturday, July 19, 2014

သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ ပြည်ပရောင်းချမှု တစ်မျိုးတည်းမှ ဒေါ်လာ ၁၀ ဘီလျံကျော် အစိုးရသစ်လက်ထက်တွင် ရရှိထား


မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်နှင့် သဘာဝဓာတ်ငွေ့ထပ်တွန်းစက်ရုံအား တွေ့ရစဉ်
အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ရောင်းချမှု တစ်မျိုးတည်းမှ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်အထိ ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 
အစိုးရသစ် လက်ထက်တွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၌ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ သန်း ၃၅ဝဝ ကျော် ရရှိပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်း ၃၆၆ဝ ကျော် ရရှိခဲ့ကြောင်းနှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်း ၃၃ဝဝ နီးပါး ထပ်မံရရှိခဲ့သည်ဟု သိရသည်။


ထို့အတွက် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ရောင်းချမှု တစ်ခုတည်းမှ အမေရိကန်ဒေါ်လာ သန်း ၁ဝ၄၆ဝ ကျော်(၁ဝ ဘီလျံ ကျော်) ရရှိ ထားခြင်းဖြစ်သည်။

သဘာဝဓာတ်ငွေ့အပြင် သစ်တင်ပို့မှု တစ်ခုတည်းမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ဝန်းကျင်အထိ ရရှိထားကြောင်း၊ ကျောက် မျက် ကျောက် စိမ်းရောင်းချမှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံဝန်းကျင် (ကျောက်မျက်ပြပွဲများ ပြုလုပ်ရောင်းချမှုမှရရှိခြင်း အပါအဝင်) ရရှိထားကြောင်းလည်း သိရသည်။

ထို့အတွက် အစိုးရသစ်လက်ထက်တွင် သယံဇာတတူးဖော် ထုတ်လုပ်ရောင်းချ မှုများမှ ရရှိသည့်ဝင်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်အထိရှိကြောင်း ထုတ်ပြန်ထားသည်။

မကြာသေးမီက ကျင်းပခဲ့သည့် ၅၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတစ်ခုတည်းမှ နိုင်ငံတော်သီးသန့်ရရှိသည့် ဝင်ငွေမှာ ယူရိုသန်း ၆ဝဝ ကျော် (အမေရိကန်ဒေါ်လာ သန်း ၈ဝဝ နီးပါး)အထိ ရှိသည်ဟု သိရသည်။

သဘာဝဓာတ်ငွေ့ တစ်မျိုးတည်း ပြည်ပသို့ ရောင်းချမှုမှရငွေအား ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်မှစ၍ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အထိ ရှစ်နှစ် အတွင်းရသည့် ပမာဏကိုတွက်ချက်လျှင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် ရရှိခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရဲတံခွန်၊ ရတနာ၊ ဇောတိကနှင့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းလေးခု ရှိလာကြောင်း၊ သို့သော် စီမံကိန်းအလိုက် ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ပမာဏ၏ ၈၅ ရာခိုင်နှုန်းကို ကုမ္ပဏီများကသာ ရောင်းချခွင့်ရရှိထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကမူ ၁၅ ရာခိုင်နှုန်းသာ ရောင်းချခွင့်ရရှိထားခြင်း ဖြစ်သည်။

ရဲတံခွန်စီမံကိန်း တစ်ခုတည်း၌သာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ရောင်းချခွင့် ၂ဝ ဒသမ ၄၅ ရာခိုင်နှုန်းရခဲ့ပြီး ကျန်စီမံကိန်းများ တွင် ၁၅ ရာခိုင်နှုန်းသာ ရောင်းချခွင့်ရထားခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment