Wednesday, July 9, 2014

သမ္မတကြီး လေးရက်မှာ မိန့်ခွန်း နှစ်ခါပြောတာ ဘာကြောင့်လဲ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က တိုင်းပြည်ကို မိန့်ခွန်း ပြောခဲ့ပါတယ်။ လစဉ် မိန့်ခွန်းပြောကြားအပြီး လေးရက်အကြာမှာ နောက်ထပ် မိန့်ခွန်းတစ်ခု ထပ်ပြောတာဖြစ်ပါတယ်။ သမ္မတကြီးရဲ့မိန့်ခွန်းက အရေးတကြီး လိုအပ်နေလို့လား၊ ဒါမှမဟုတ် မိန့်ခွန်းပြောရတာကိုပဲ ၀ါသနာထုံ ပျော်မွေ့ကြည်နူးလို့လား၊ ဒါမှမဟုတ် တစ်စုံတစ်ခုကို ကာကွယ်ချင်လို့လားဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။

ဇူလိုင် ၇ ရက် မိန့်ခွန်းမှာ အဓိကပြောတာက Hate speech လို့ခေါ်တဲ့
အမုန်းတရား ဖြန့်ဖြူးတဲ့သူတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ပြောရရင် သမ္မတကြီးရဲ့ လွန်ခဲ့တဲ့ ၄ ရက်က ပြောစကားနဲ့ ပြန်ကွာခြားသွားပြန်ပြီဖြစ်ပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးတာနဲ့ပတ်သက်ပြီး သမ္မတကြီး ဘာတွေပြောခဲ့သလဲ၊ ဘယ်နှကြိမ်ပြောခဲ့သလဲ၊ တစ်ခုချင်း ပြန်ကြည့်ကြရအောင်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း အမုန်းတရားနဲ့ ပတ်သက်ပြီး နှစ်ကြိမ်တိတိ ပြောခဲ့ပါတယ်။ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းမှာဆိုရင် “ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

အဲလို မိန့်ခွန်း နှစ်ကြိမ်ပြောပြီး တစ်နှစ်ကြာသည်အထိ ဘယ်လိုဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာမျိုးမှ မတွေ့ရပါဘူး။ ၂၀၁၄ ဇူလိုင် ၃ ရက် မိန့်ခွန်းမှာတော့ လေသံပြောင်းသွားပါတယ်။ “နိုင်ငံသားများအကြား အမုန်းတရားများပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ သူတို့ အစိုးရအနေနဲ့ အရေးယူတာ မလုပ်တော့ဘူး၊ ပြည်သူတွေကပဲ ကိုယ့်ဘာသာကိုယ် ဆန့်ကျင်ကြဆိုတဲ့ သဘောပါ။ သမ္မတ အဲလို လေသံပြောင်းသွားတဲ့အချိန်ဟာ မန္တလေးမြို့မှာ ဘာသာရေးလူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်လည်းဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီးလက်ရဲဇက်ရဲ အတင့်ရဲ စွာနဲ့ အမုန်းတရားတွေ ပြောဆိုဖြန့်ဖြူးလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် သမ္မတမိန့်ခွန်းအပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် နောက်ထပ်လေးရက်အကြာ ထွက်ပေါ်လာတဲ့ သမ္မတမိန့်ခွန်းမှာ လေသံ တစ်ခါပြောင်းသွားပြန်ပါတယ်။ အမုန်းတရားဖြန့်ဖြူးတာတွေနဲ့ ပတ်သက်ပြီး သမ္မတပြောတာက “မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အတ္တကို ရှေ့တန်းတင် လုပ်ဆောင်ကြသူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နာကျင်ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုက်အ၀န်းများကြားမှာ အမုန်းတရားများ ပြန့်ပွားပြီး ပဋိပက္ခဖြစ်အောင် သွေးထိုး လှုံ့ဆော်ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်တာပဲဖြစ်ပြီး လူမျိုး၊ ဘာသာမရွေးသော မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မလေးနက်မှာ စိုးလို့ထင်ပါရဲ့။ နောက်တစ်ကြိမ် ခုလို ထပ်ပြောပြန်ပါတယ်။ “သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါတယ်”။ သမ္မတမိန့် ခွန်း လေးကြိမ်ကို အတိုချုပ်ပြောရရင် အမုန်းတရား ဖြန့်ဖြူးနေတာတွေကို အခု အရေးယူမယ် ပြောလိုက်၊ တော်ကြာနေ အရေးယူမယ် ပြောလိုက်၊ နောက်အရေးမယူတော့ဘူးလို့ ဆိုလိုက်၊ နောက်တစ်ခါ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြန်ပြောလိုက်ဆိုတော့ ဘာကို ယုံစားရမှန်းမသိဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုတစ်ကြိမ် မိန့်ခွန်းမှာတော့ “မန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်” လို့ ပြောထားတဲ့အတွက် တကယ်ပဲ အရေးယူတော့မလားဆိုပြီး တွေးစရာဖြစ်လာပါတယ်။ ပြောရရင် သမ္မတကြီးတို့ရဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်တွေကို အမြဲတန်း စောင့်ကြည့်နေကြသူတွေ ဖြစ်ပါတယ်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ ဘယ်သူတွေဟာ ဘယ်လိုအမုန်းတရားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေကြသလဲဆိုတာ ကောင်းကောင်းသိနိုင်ကြပါတယ်။ နာမည်ဝှက်တွေနဲ့ လူသိမခံဘဲ ရေးသားလှုံ့ဆော်နေသူတွေကိုသာ အရေးယူလို့ မရရင် နေမယ်၊ ကျန်ပေါ်ပေါ်တင်တင် လုပ်ကိုင်ဆောင်ရွက်နေသူတွေကိုတော့ စစ်ဆေးမယ်ဆို စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ အများပြည်သူသိပြီးသား၊ အများပြည်သူ မျှော်လင့်သလို အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူမှုမလုပ်ဘဲ အခြားမသက်ဆိုင်သူတွေကို ဇာတ်လမ်းဆင် အရေးယူမှုတွေများ လုပ်လာလေမလားဆိုပြီး စိုးရိမ်စိတ်လည်း ဖြစ်ပေါ်လာစေပါတယ်။

ဒီလို စိုးရိမ်တာကလည်း မမှားပါဘူး။ မိန့်ခွန်းအစမှာ သူတို့အစိုးရက မီဒီယာလွတ်လပ်ခွင့်ပေးခဲ့တဲ့အကြောင်း၊ “သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသား ပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်” ဆိုတဲ့ စကားလုံးကိုလည်း မဆီမဆိုင် ထည့်သွင်းထားတာ တွေ့ရပါတယ်။ မန္တလေးကိစ္စ၊ အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စနဲ့ မဆိုင်တဲ့စကား ဘာကြောင့်ပြောရသလဲ ဆိုတာပါ။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို အရေးယူရမယ့် အစား၊ သွေးထိုး လှုံ့ဆော်သူတွေကို အရေးယူရမယ့်အစား၊ အဲဒါနဲ့ မဆိုင်တဲ့ မီဒီယာကိစ္စ ထည့်သွင်းပြောဆိုလာတာကတော့ အံ့သြဖို့ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးကို ဒုက္ခပေးနေတဲ့ အမုန်းတရားပွားစေတာတွေ၊ သွေးထိုးလှုံ့ဆော်တာတွေ၊ အကွက်ချဖန်တီးတာတွေကို ဖော်ထုတ်အရေးယူမလား၊ ဒါမှမဟုတ် အရင်စစ်အာဏာရှင်ခေတ်ကလို အခြားမဆီမဆိုင်တွေကို တရားခံရှာ အဖမ်းပြမလား၊ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ခပ်တည်တည်ပဲ ပြန်မေ့ပျောက် လိုက်မလားဆိုတာ တွေ့မြင်ကြရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima

No comments:

Post a Comment