Thursday, July 3, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ မိမိတို့ပါတီဝင်များအား ပါတီတွင်း သင်တန်းပေးမှုများ ပြုလုပ်နေပြီဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ဇူလိုင်၂ ရက်တွင် မဇ္ဈိမကို ပြောသည်။


သင်တန်းမှာ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးဆင့်ပွားသင်တန်းဖြစ်ပြီး ဇွန်လ ၂၈ ရက်က တိုင်းပါတီရုံးခန်း၌ ဖွင့်လှစ်ခဲ့သည်။ ယခုဖွင့်လှစ်သည့် သင်တန်းမှာ ပါတီဗဟိုကော်မတီအစည်းအဝေးက ၂၀၁၂ ခုနှစ်တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေနိုင်သည်ဟု ၎င်းက ဆိုသည်။

“ပါတီတွင်း အားရှိအောင်လို့ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်မျှမျှတတ လုပ်တတ်ကိုင်တတ်ဖို့။ အဲဒီလိုလုပ်မယ်ဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်မှာပါ”ဟု ဦးသာဝင်းက ဆိုသည်။

သင်တန်းများကို ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခရိုင်စလုံးတွင် သင်တန်းပေးမည်ဖြစ်ပြီး နှစ်ရက်ကြာမြင့်မည်ဖြစ်သည်။

ထို့ပြင် သင်တန်းတစ်ခုလျှင် လူဦးရေပျမ်းမျှ တစ်ရာ သတ်မှတ်ထားသည်။ သင်တန်းကာလ နှစ်ရက်ပြီးဆုံးပါက နောက်ထပ်သင်တန်းများကို ထပ်မံပေးနေသောကြောင့် ပါတီတွင်းရှိ ပါတီဝင်များအားလုံး တက်ရောက်နိုင်သည်ဟု ဦးသာဝင်းက ဆိုသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်အင်အားမှာ ငါးသိန်းနီးပါးရှိသည်။ ပြည်ခိုင်ဖြိုးသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး အာဏာရပါတီအဖြစ်ရပ်တည်နေသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ တစ်နေရာသာ အနိုင်ရထားသည်။


Mizzima

No comments:

Post a Comment